ထိုင်းရှိ မြန်မာလုပ်သားများ CI လျှောက်ထားရာတွင် ကုန်ကျစရိတ် ဘတ် ၂၆၇၀ သာ ကုန်ကျမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိပေးထားသည်။
ထို့ပြင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ကတ်များလျှောက်ထားရာတွင် အလုပ်သမားများအနေဖြင့် နီးစပ်ရာ 7-eleven စတိုးဆိုင်များတွင် ကုန်ကျစရိတ် ဘတ် ၂၆၇၀ ကိုပေးသွင်းပြီး အဆိုပါစတိုးဆိုင်များက ထုတ်ပေးသည့် ပြေစာနှင့်အတူ မိမိရွေးချယ်ထားသည့် စခန်းများတွင် CI ကတ်သွားရောက်ပြုလုပ်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ၌ရှိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား စမုစခွန်စခန်း၊ စမုပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနှင့် ချင်းမိုင်စခန်းတို့တွင် သြဂုတ် ၆ ရက်မှစ၍ CI ကတ်လျှောက်ထားခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity-CI) သက်တမ်းကုန်ဆုံးရန် ၆ လ အောက်ကျန်နေသူများအပြင် သက်တမ်းကုန်ဆုံးနေသူများအား အသစ်လဲလှယ်ပေးခြင်း၊ ထိုင်းနိုင်ငံ၏ ဘတ်ကတ် (TR-38) လုပ်ငန်းစဉ်နှင့်အတူ CI စာအုပ်အသစ်များထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကဒ်မူရင်း၊ အိမ်ထောင်စုစာရင်းနှင့် CI စာအုပ်ရှိသူများကို အထောက်အထားစိစစ်ပြီးနောက် နိုင်ငံကူးလက်မှတ် (Passport for Thailand Only) ထုတ်ပေးခြင်း၊ Overseas Worker Identification Card – OWIC ကတ်ပြားထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းစခန်းများတွင် ဆောင်ရွက်ရာ၌ တနင်္လာနေ့တိုင်းနှင့် မြန်မာသံရုံး (ဗန်ကောက်) မှ သတ်မှတ်ထားသော ရုံးပိတ်ရက်များကို အလုပ်နားရက်သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။















