ပြောင်းလဲလာသည့် လူကုန်ကူးမှုပုံစံများအရ အိမ်နီးချင်းနိုင်ငံများမှ လူငယ်များသည် မြန်မာနိုင်ငံသို့ အလည်ဗီဇာဖြင့် လာရောက်ပြီး ဘာသာစကားသင်တန်းအမည်ခံ၍ အမျိုးသမီးများကို လက်ထပ်ရန် စည်းရုံးသည့်ဖြစ်စဉ်များဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
စက်တင်ဘာ ၄ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၅) တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက လူကုန်ကူးမှုပြဿနာများကို တိုက်ဖျက်နိုင်ရေးအတွက် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် လုပ်ငန်းကော်မတီလေးရပ်နှင့် အဆင့်ဆင့်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များကို စနစ်တကျဖွဲ့စည်းပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြောင်းလဲလာသော လူကုန်ကူးမှုပုံစံများအရ အိမ်နီးချင်းနိုင်ငံမှ လူငယ်များသည် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြပြီး မြန်မာအမျိုးသမီးများအား ချစ်ကြိုက်၍ လက်ထပ်ခြင်းမဟုတ်ဘဲ လှည့်ဖြားလိုသောသဘောဖြင့် ငွေကြေးပေးကာလက်ထပ်ခြင်း၊ တရားရုံးတွင် ထိမ်းမြားမင်္ဂလာ ကျမ်းကျိန်လွှာပြုလုပ်၍ ၎င်းတို့နိုင်ငံသို့ တရားဝင်ခေါ်ဆောင်နေခြင်းများကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဒေသတွင်းနိုင်ငံများမှ နိုင်ငံသားတချို့သည် မြန်မာနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် ရောက်ရှိလာခဲ့ပြီး ဘာသာစကားသင်တန်း အမည်ခံဖွင့်လှစ်၍ မြန်မာအမျိုးသမီးများကို ၎င်းတို့၏ နိုင်ငံသားများနှင့် ထိမ်းမြားလက်ထပ်စေရန် စည်းရုံးဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
လူကုန်ကူးသူများသည် လိမ်လည်စည်းရုံး သွေးဆောင်ရန်အတွက် အင်တာနက်ကို တွင်ကျယ်စွာအသုံးပြုလျက်ရှိကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook၊ Tiktok နှင့် Telegram များကို အသုံးပြု၍ စီးပွားရေးကြော်ငြာများမှတစ်ဆင့် လူစုဆောင်းခြင်း၊ အကျိုးအမြတ် လွှဲပြောင်းပေးခြင်းများပြုလုပ်ပြီး မြန်မာအမျိုးသမီးငယ်များအား အတင်းအဓမ္မ ထိမ်းမြားလက်ထပ်ရန်နှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရာတွင် လုပ်ငန်းစဉ်သုံးရပ်ဖြစ်သော သတင်းလက်ဦးမှုရယူခြင်း၊ တားဆီးကာကွယ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၎င်းလုပ်ငန်းစဉ်သုံးရပ်နှင့်အညီ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီး လက်ရှိဖြစ်ပွားလျက်ရှိသော အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဆက်စပ်ဖြစ်ပွားသော လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှုများအပါအဝင် အတင်းအကျပ်ရာဇဝတ်မှု ကျူးလွန်စေခြင်းတို့ကို တားဆီးနှိမ်နင်းနိုင်ရန်၊ အသိပညာပေးခြင်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော် တရားမဝင်ဝင်ရောက်မှုမရှိစေရေး တားဆီးထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်နွှယ်ဖြစ်ပွားသော လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံချက်ကို Pilot Project အဖြစ် သက်တမ်းကာလ တစ်နှစ်ဖြင့် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Online Scam) လုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းလျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေခံရသူများကို ကယ်တင်၍ မိခင်နိုင်ငံများသို့ ပြန်လည်စေလွှတ်ပေးလျက်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်များတွင် ဒေသတွင်းမဟုတ်သည့် အခြားနိုင်ငံများမှ နိုင်ငံခြားသားများလည်းပါဝင်နေကြောင်း တွေ့ရှိရသည့်အတွက် နိုင်ငံပေါင်းစုံ ပူးပေါင်းပါဝင်မှုဖြင့် တိုက်ဖျက်နိုင်ရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းများ အောင်မြင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။















