ထိုင်း၏ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပေတုန်တန်ကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှား

ထိုင်း၏ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပေတုန်တန်ကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှား
Published 29 August 2025

ထိုင်းနိုင်ငံ၏ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံံ့ခံထားရသည့် ပေတုန်တန်ရှင်နာဝပ်ကို သြဂုတ် ၂၉ ရက်တွင် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားကြောင်း စီရင်ချက်ချမှတ်ခဲ့သည်။

ပေတုန်တန်သည် ကမ္ဘောဒီးယားနှင့် ဖြစ်ပွားသော နယ်စပ်အရေးတွင် ဝန်ကြီးချုပ် အဆင့်ကျင့်ဝတ်များကို ချိုးဖောက်သည်ဟုဆိုကာ ကွန်ဆာဗေးတစ် အထက်လွှတ်တော် အမတ်အုပ်စုက တိုင်တန်းခဲ့ပြီးနောက် ဖွဲ့ စည်းပုံအခြေခံ ဥပဒေတရားရုံးက ဇူလိုင် ၁  ရက်တွင် ပေတုန်တန်အား ရာထူးတာဝန်များ ဆိုင်းငံ့ခဲ့ပြီး ယခုအခါတွင် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

ပေတုန်တန်သည် ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသအငြင်းပွားမှုကို စီမံကိုင်တွယ်မှု ညံ့ဖျင်းကြောင်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

အထူးသဖြင့် ပေါက်ကြားလာခဲ့သည့် ပေတန်တန်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟောင်းဟွန်ဆန်တို့ ဖုန်းပြောဆိုသည့် အသံဖိုင်ကြောင့် ထိုင်းပြည်သူများက ဒေါသထွက်ခဲ့ကြကာ ပေတုန်တန်သည် ပြည်သူများကို ပြန်လည်တောင်းပန်ခဲ့ရသည်။

ပေါက်ကြားခဲ့သည့် အသံဖိုင်တွင် ပေတုန်တန်က ဟွန်ဆန်ကို ဦးလေးဟုခေါ်ခဲ့ကာ ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်ရှိ ထိုင်းစစ်တပ်၏ တပ်မှူးတစ်ဦးကို ၎င်း၏ ပြိုင်ဘက်တစ်ဦးအဖြစ် ရည်ညွှန်းပြောဆိုခဲ့သဖြင့် ဆိုရှယ်မီဒီယာတွင် ပေတုန်တန်ကို ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ကွန်ဆာဗေးတစ် အထက်လွှတ်တော်အမတ်များက ပေတုန်တန်ကို ကျင့်ဝတ်သိက္ခာချိုးဖောက်မှုဖြင့် အခြေခံဥပဒေဆိုင်ရာ တရားရုံးတွင် တိုင်ကြားခဲ့သည်။

လက်ရှိတွင် ပေတုန်တန်သည် နှစ်ပေါင်း ၂၀ အတွင်း တရားရုံးတွင် ရာထူးမှဖယ်ရှားခံရသည့် ငါးဦးမြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ်ရာထူးကို ဆုံးရှုံးခဲ့ရသည့် တတိယမြောက် ရှင်နာဝပ်မိသားစုဝင်လည်း ဖြစ်လာခဲ့သည်။

ပေတုန်တန်၏ ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်သည် ၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်းမှုကြောင့် ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး  ပေတုန်တန်၏ အဒေါ်ဖြစ်သူ ယင်းလပ်ရှင်နာဝပ်သည်လည်း အခြေခံဥပဒေဆိုင်ရာတရားရုံး ၏ စီရင်ချက်ဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

Ref:BBC/AFP

                            

Most Read

Most Recent