■ နောင်လာမည့် ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများသည် ဘွဲ့ရသူများဖြစ်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ယခုကတည်းက စီစဉ်ထားကြရန် UEC ဥက္ကဋ္ဌ ပြောကြား

■ နောင်လာမည့် ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများသည် ဘွဲ့ရသူများဖြစ်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ယခုကတည်းက စီစဉ်ထားကြရန် UEC ဥက္ကဋ္ဌ ပြောကြား
Published 27 August 2025

နောင်လာမည့် ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများသည် ဘွဲ့ရသူများဖြစ်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ယခုကတည်းက စီစဉ်ထားကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (UEC) ဦးသန်းစိုးက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို သြဂုတ် ၂၆ ရက် နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် UEC ဥက္ကဋ္ဌ ဦးသန်းစိုးက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အစည်းအဝေးတွင် UEC ဥက္ကဋ္ဌ ဦးသန်းစိုးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီများအနက် နိုင်ငံရေးပါတီ ၆၁ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ကိုးပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၅၂ ပါတီဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ လျှောက်ထားသော နိုင်ငံရေးပါတီအားလုံး စိစစ်ခွင့်ပြုပြီးဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံရေး ပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် မဲဆန္ဒနယ်အရေအတွက်၊ သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ကိုက်ညီရန် လိုအပ်ကြောင်း၊ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရာတွင် ပညာအရည်အချင်း သတ်မှတ်ချက်ဖြစ်သည့် အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်သူများဖြစ်ရမည့်အချက်ကို သတိမူကြစေလိုကြောင်း၊ နောင်လာမည့် ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများသည် အစိုးရအသိအမှတ်ပြုတက္ကသိုလ်၊ ကောလိပ်တစ်ခုခုမှ ဘွဲ့ရသူများဖြစ်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ယခုကပင်စ၍ စီစဉ်ထားရန်ဖြစ်ကြောင်းနှင့် ပြည်သူအားကိုးရပြီး နိုင်ငံကို အကျိုးပြုမည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်တင်သွင်းကြရန် UEC ဥက္ကဋ္ဌ ဦးသန်းစိုးက တိုက်တွန်းပြောကြားသည်။

ယာယီနေရပ်စွန့်ခွာလာရသူများအပါအဝင် ပြည်တွင်း ပြည်ပ ကြိုတင်မဲပေးမည့်သူများသည် ပုံစံ (၁၅) ဖြင့် တောင်းဆိုမဲပေးရမည်ဖြစ်ကြောင်း၊ ရောက်ရှိရာနေရပ်တွင် မဲပေးလိုပါက အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်ပြီးပါက ထောက်ခံချက်ဖြင့် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ထားကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။

ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ကို ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက်မူ ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကို ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အီလက်ထရောနစ်မဲပေးစက်သုံးပြီး မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲတစ်မဲသည် ကိုယ်စားလှယ်လောင်းကိုသာမက ပါတီကိုပါ မဲပေးသည့်ပုံစံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် PR မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းများကို ဦးစားပေးအစီအစဉ်ဖြင့် ကော်မရှင်သို့ တင်သွင်းပေးရမည်ဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်မှုအနေဖြင့် FPTP ကိုယ်စားလှယ်လောင်းများနည်းတူ PR ကိုယ်စားလှယ်လောင်းများသည်လည်း မဲဆွယ်စည်းရုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းပြီး ရွေးကောက်ပွဲလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ရွေးကောက်ပွဲပါဝင် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများအတွက်လည်းကောင်း လုံခြုံရေးအရ အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်ပေးထားကြောင်းလည်း UEC ဥက္ကဋ္ဌက ပြောကြားသည်။

ကော်မရှင်အနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် သန္နိဋ္ဌာန်ထား ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့် အတူလက်တွဲပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် UEC ဥက္ကဋ္ဌ ဦးသန်းစိုးက တိုက်တွန်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးပါတီဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ထိုသို့ တင်ပြချက်များအပေါ် UEC အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၆၁ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent