မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် ရွေးကောက်ပွဲအောင်မြင်နိုင်မည့် မြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်

မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် ရွေးကောက်ပွဲအောင်မြင်နိုင်မည့် မြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်
Published 21 August 2025

မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် ရွေးကောက်ပွဲအောင်မြင်နိုင်မည့် မြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီဝင်တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) မှ (၂၀၂၅) ခုနှစ် ထွေထွေရွေးကောက်ပွဲအား လာမည့် ဒီဇင်ဘာလ (၂၈) ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်သွားမည်ကြောင်းနှင့်  နိုင်ငံရေးပါတီများနှင့်လည်း ကိုယ်စားလှယ်လောင်းစာရင်းများ တင်သွင်းနိုင်ပြီးဖြစ်ကြောင်းကို ကြေညာချက်များထုတ်ပြန်ကာ အသိပေးထားသည်။

မွန်ပြည်နယ် အခြေစိုက် မွန်ညီညတ်ရေးပါတီ (MUP) အနေဖြင့် လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပါတီဗဟို အစည်းအဝေးအား ပြီးခဲ့သည့် ဩဂုတ်လ (၁၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး၊ ထို အစည်းအဝေးမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီဗဟို တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မွန်ညီညွတ်ရေးပါတီအနေနဲ့က မွန်ပြည်နယ် (၁၀) မြို့နယ်လုံးမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမှာမဟုတ်ဘဲ၊ နိုင်နိုင်ခြေများတဲ့ မြို့နယ်တွေလောက်မှာဘဲ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ” ဟု ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် မွန်ပြည်နယ် ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် မုဒုံမြို့နယ်  ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်ခြေ များကြောင်းနှင့် ကျန်မြို့နယ်များအတွင်း တချို့မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်ခြေများကြောင်းလည်း ၎င်းကဆိုသည်။

လာမည့် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အား မြို့နယ်ပေါင်း (၁၀၂) မြို့နယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မွန်ပြည်နယ်အတွင်းမှ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ သထုံ နှင့် ကျိုက်ထိုမြို့နယ်များ ပါဝင်သွားမည်ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

မွန်ညီညွတ်ရေးပါတီမှာ ပြီးခဲ့သည့် (၂၀၂၀) ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေပေါင်း (၄၅) နေရာ၌ တင်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံခဲ့ပြီး မဲဆန္ဒနယ်မြေ (၁၂) နေရာ အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားအခြေပြု နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။

ဘိုဘိုမြင့်

Most Read

Most Recent