မင်းဘူးမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ပထမရရှိသူနှင့် ၆ ဘာသာဂုဏ်ထူးရှင် တစ်ဦးတို့အား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
သြဂုတ် ၁၉ ရက် နံနက်ပိုင်းက မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ ဦးဩဘာသခန်းမ၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၌ ၆ ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိသူနှင့် ၆ ဘာသာဂုဏ်ထူးရှင် တစ်ဦးတို့အား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပညာရေးနှင့် ပတ်သက်၍ ယခုအခါတွင်လည်း မင်းဘူးမြို့နယ်မှ တက္ကသိုလ်ဝင်တန်းတွင် ဝင်ရောက်ဖြေဆိုသူ မောင်ဂျူးသက်ကိုသည် သုံးနှစ်ဆက်တိုက် လူရည်ချွန်သုံးထပ်ကွမ်းဖြစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၌ ၆ ဘာသာဂုဏ်ထူးရရှိပြီး မြန်မာတစ်နိုင်ငံလုံးပထမ (The Whole Myanmar First) ရရှိခဲ့သည့်အတွက်လည်း မိမိအနေဖြင့် ဂုဏ်ယူပါကြောင်း၊ အလားတူ ၆ ဘာသာဂုဏ်ထူးရှင် တစ်ဦးဖြစ်သည့် မဟန်နွယ်မိုးဇင်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ ယခုကဲ့သို့ ကောင်းမွန်သည့် အစဉ်အလာကိုလည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြစေလိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က ပြောကြားသည်။
ထို့အပြင် တင်ပြချက်များတွင် မင်းဘူးကားလမ်းတိုးချဲ့ပေးရေး၊ တက္ကသိုလ်ကောလိပ်များ တိုးချဲ့တည်ဆောက်ပေးရေးကို တင်ပြခဲ့ကြကြောင်း၊ တက္ကသိုလ်ကောလိပ်များကို ဖွင့်လှစ်ရန်အတွက် ခရိုင်အတွင်းရှိ ကျောင်းသား ကျောင်းသူများ၏ တန်းစဉ်ကူးပြောင်းမှုများကို တွက်ချက်ကြည့်ရန်လိုကြောင်း၊ မင်းဘူးဒေသတွင် တန်းစဉ်ကူးပြောင်းမှုမှာ လျော့နည်းလျက်ရှိသည်ကို တွေ့ရကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးစီးသည့်သူများအတွက် Polytechnic ကျောင်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်းများတွင် တက်ရောက်ကြသူများ နည်းပါးသည်ကို တွေ့ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး၌ အဆင့်မြင့်ပညာကျောင်းများ ဖွင့်လှစ်ရန် ရည်ရွယ်ချက်ရှိပြီးဖြစ်ကြောင်း၊ အချို့တက္ကသိုလ်နှင့် ကောလိပ်များ၌ ကျောင်းတက်ရောက်သူများ နည်းပါးလျက်ရှိသည်ကို တွေ့ရကြောင်း၊ Polytechnic တက္ကသိုလ်များကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ကွန်ပျူတာ၊ နည်းပညာနှင့်အခြားသင်ကြား၍ရသည့် ပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
လမ်းများတိုးချဲ့ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များအတိုင်းဖြစ်စေရေး သတ်မှတ်ချက်များနှင့်အညီ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းဘေးဝဲယာ၌ အိမ်ဆိုင်များ ဆောက်လုပ်ရောင်းချလျက်ရှိမှုကြောင့် သွားလာမှုအတွက် အနှောင့်အယှက်များဖြစ်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဖွင့်လှစ်ထားသည့် အိမ်ဆိုင်များနှင့်ပတ်သက်၍ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်လုံံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
မင်းဘူးမြို့သည် သမိုင်းအစဉ်အလာများရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ အကျော်အမော်များ၊ ယဉ်ကျေးမှုအမွေအနှစ်များရှိခဲ့သည့် မြို့ဖြစ်ကြောင်း၊ ယခုအခါ မင်းဘူးဒေသသည် ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ပြီး ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ကောင်းမွန်ရန်လိုပြီး ကုန်ထုတ်လုပ်မှုများ တိုးတက်ရန်လိုကြောင်း၊ ဒေသတွင်းရှိပြီးဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများမှ ထုတ်ကုန်များ ပိုမိုတိုးတက်ရရှိရေး တစ်ဧကပန်းတိုင်အထွက်နှုန်းအတိုင်းရရှိအောင် ဆောင်ရွက်သွားကြစေလိုကြောင်း နိုင်ငံတော်လုံံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မင်းဘူးခရိုင်မှ ဝင်ရောက်ရွေးချယ်ခံမည့်ကိုယ်စားလှယ်လောင်းများသည် ဒေသတိုးတက်ရေးအတွက် လက်တွေ့ကျသည့်၊ ဖြစ်နိုင်သည့် ကိစ္စရပ်များကို ကြိုတင်တွေးခေါ် မြော်မြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသအကျိုးအတွက် အမှန်တကယ် ချစ်မြတ်နိုးသည့်စိတ်ဖြင့် တာဝန်ထမ်းဆောင်နိုင်သည့်သူဖြစ်ရန်လိုကြောင်း နိုင်ငံတော်လုံံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များအလိုက် အဆင့်ဆင့်အုပ်ချုပ်ကြရပြီး သက်ဆိုင်ရာအဆင့်အလိုက် လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ ချမှတ်ပေးထားသည့် မူဝါဒများအတိုင်း လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊ ဒေသအတွက် အမှန်တကယ်အကျိုးရှိမည်ဆိုပါက အဆင့်ဆင့်တင်ပြ၍ လုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်လုံံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် ၆ ဘာသာဂုဏ်ထူးရှင် မြန်မာတစ်နိုင်ငံလုံးပထမ (The Whole Myanmar First) ရရှိခဲ့သည့် မောင်ဂျူးသက်ကိုနှင့် ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦးဖြစ်သည့် မဟန်နွယ်မိုးဇင်တို့အား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီနှင့် ဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်လုံံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မင်းဘူးမြို့နယ် မင်းဘူး-ပဒါန်း-အမ်း ကားလမ်း မိုင်တိုင်အမှတ် ၄/၇ မှ ၅/၀ အကြား ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး၊ ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ တမာပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်လုံံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့က တမာပျိုးပင်အား သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မကွေးခရိုင်အတွင်းရှိ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒုတိယဝန်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်းစိုက်ပျိုးပေးကြကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ နိုင်ငံတော်လုံံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မကွေးခရိုင်အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြေရေး၊ ၂၀၂၅ ခုနှစ်နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သြဂုတ် ၁၉ ရက်က ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတွင် တမာ၊ ဖျောက်ဆိပ်၊ ပိတောက်၊ ယင်းမာ၊ မဲဇလီ၊ စိန်ပန်းကြီး၊ ထုံးပေါက် စသည့် သစ်မျိုး ခြောက်မျိုး၊ ပျိုးပင်ပေါင်း ၁၀၀၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















