■ နေပြည်တော်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

■ နေပြည်တော်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Published 19 August 2025

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယနေ့(သြဂုတ် ၁၉ ရက်) နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉ (က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ(၁၀)ပါ တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (က) တို့အရ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်) တနင်္ဂနွေနေ့တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း UEC က သြဂုတ် ၁၈ ရက်တွင် သတ်မှတ်ကြေညာထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လွှတ်တော်မဲဆန္ဒနယ်များအဖြစ် ကြေညာချက်အမှတ် ( ၅၀ /၂၀၂၅ )ဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များကိုလည်းကောင်း၊ ကြေညာချက်အမှတ် ( ၅၁ /၂၀၂၅ )ဖြင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များကိုလည်းကောင်း၊ ကြေညာချက်အမှတ်( ၅၂/၂၀၂၅ ) ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များကိုလည်းကောင်း၊ ကြေညာချက်အမှတ် ( ၅၃ /၂၀၂၅ ) ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များကိုလည်းကောင်း ဩဂုတ် ၁၅ ရက် ရက်စွဲဖြင့် သတ်မှတ်ထုတ်ပြန်ထားသည်။

အဆိုပါသတ်မှတ်ထုတ်ပြန်ချက်များအရ ယခုနှစ်အတွင်း ကျင်းပမည့် လွှတ်တော်အသီးသီး အတွက် မဲဆန္ဒနယ်များမှာ မဲအများဆုံးရသူအနိုင်ယူစနစ် ( FPTP ) ဖြင့်ကျင်းပမည့် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် (၃၃၀) နယ်၊ ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP) ဖြင့် ကျင်းပမည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် မဲအများဆုံးရသူအနိုင်ယူစနစ်( FPTP ) မဲဆန္ဒနယ် (၈၄) နယ်၊ အချိုးကျကိုယ်စားပြုစနစ်( PR ) မဲဆန္ဒနယ် (၂၆) နယ်၊ စုစုပေါင်းမဲဆန္ဒနယ် (၁၁၀) နယ်၊ ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP) ဖြင့် ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ် ( FPTP ) မဲဆန္ဒနယ် (၃၂၂) နယ်နှင့် အချိုးကျကိုယ်စားပြုစနစ် ( PR ) မဲဆန္ဒနယ် (၄၂) နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၃၆၄ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (၂၉)နယ် ဖြစ်ကြောင်း သိရသည်။

ယင်းမဲဆန္ဒနယ်မြေ သတ်မှတ်ထုတ်ပြန်ချက်များနှင့် လွှတ်တော်အလိုက် မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်းအသေးစိတ်ကို နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Most Read

Most Recent