■ Air Asia လေကြောင်းလိုင်း တောင်ကိုရီးယားတွင် လေဆိပ် မှားယွင်းဆင်းသက်

■ Air Asia လေကြောင်းလိုင်း တောင်ကိုရီးယားတွင် လေဆိပ် မှားယွင်းဆင်းသက်
Published 15 August 2025
Ref: The Straits Times

မလေးရှားနိုင်ငံ၏ Air Asia လေကြောင်းလိုုင်း၏ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ကွာလာလမ်ပူမြို့တော်မှ တောင်ကိုရီးယားနိုင်ငံ အင်ချွမ်လေဆိပ်သို့ ဆင်းသက်ရမည့်အစား ဂင်ပိုလေဆိပ်သို့ မှားယွင်းဆင်းသက်မိခဲ့ကြောင်း သြဂုတ် ၁၄ ရက်က The Straits Times သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါလေယာဉ်သည် အင်ချွမ်လေဆိပ်သို့ ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၅၀ တွင် ဆင်းသက်ရမည်ဖြစ်သော်လည်း လေထဲတွင် လှည့်လည်ပျံသန်းခဲ့ပြီးနောက် ဂင်ပိုလေဆိပ်တွင် ည ၈ နာရီ ၈ မိနစ်တွင် ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

လေကြောင်းပျံသန်းမှုအမှတ်စဉ် D7 506 လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ၏ ပြောကြားချက်အရ လေယာဉ်မှူးသည် အင်ချွန်လေဆိပ်သို့ ရောက်ရှိပြီဖြစ်ကြောင်း ကြေညာခဲ့ချိန်တွင် ခရီးသည်များက ၎င်းတို့၏ အိတ်များကို ထုတ်ယူပြီး ပြတင်းပေါက်များကို ဖွင့်ကြည့်ကာ ဖုန်းများကိုထုတ်ပြီး တည်နေရာရှာချိန်တွင် ဂင်ပိုလေဆိပ်သို့ ရောက်ရှိနေကြောင်းသိရှိခဲ့ရသည်ဟုဆိုသည်။

ထို့နောက် အဆိုပါလေယာဉ်သည် ဂင်ပိုလေဆိပ်တွင် ဆီဖြည့်ပြီး အင်ချွန်လေဆိပ်သို့ ပျံသန်းခဲ့ကာ ည ၁၀ နာရီ ၁၇ မိနစ်၌ အင်ချွမ်လေဆိပ်သို့ ရောက်ရှိခဲ့သည်ဟုဆိုသည်။

Air Asia လေကြောင်းလိုင်းကမူ ရာသီဥတုဆိုးရွားမှုကြောင့် ဂင်ပိုလေဆိပ်သို့ လမ်းကြောင်းလွှဲကာ ဆီဖြည့်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လေယာဉ်အမှုထမ်းများ နားလည်မှုလွဲမှားခဲ့ခြင်းကြောင့် လေဆိပ်သို့ ဆင်းသက်ချိန်တွင်ကြေညာချက် အမှားထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။  

Most Read

Most Recent