မော်လမြိုင်မြို့ နှင့် ချောင်းဆုံမြို့နယ်အား ဆက်သွယ်ထားသည့် သံလွင်တံတား (ချောင်းဆုံ) ကိုလည်း ယနေ့ ဩဂုတ်လ (၁၃) ရက်နေ့မှ စတင်ကာ တံတားပိတ်ချိန်အား တိုးမြှင့်လိုက်သည်ဟု သိရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
သံလွင်တံတား (ချောင်းဆုံ)အား ယခင်က ည (၁၀) နာရီမှ နောက်တစ်နေ့နံနက်(၄) နာရီအထိ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ရာမှ ယနေ့ ဩဂုတ်လ (၁၃) ရက်နေ့မှ စတင်ကာ ည (၈) နာရီမှ နောက်တစ်နေ့နံနက် (၆) နာရီအထိ ဖြတ်သန်းသွားလာခွင့် ပိတ်သွားမည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ချောင်းဆုံမြို့နယ်ထဲမှာက ည (၇) နာရီလောက်ဆိုရင် လူသွားလူလာက ရှင်းသွားတယ်။ ပွဲတော်ရက်တွေလောက်ဘဲ လူသွားလူလာများတာပါ။ အခုလို တံတားပိတ်ချိန်တိုးလိုက်တော့ ညပိုင်း မော်လမြိုင်မြို့ဘက်မှာအလုပ်လုပ်ပြီး ပြန်လာကြမယ့်သူတွေနဲ့ မနက်စောစော မော်လမြိုင်မြို့ဘက်ကို တင်ပို့မယ့် ကုန်စိမ်းပို့မယ့်သူတွေတော့ အခက်အခဲလေးတွေ ရှိသွားနိုင်ပါတယ်” ဟု ပြောကြားသည်။
အလားတူ ရန်ကုန် - ကျိုက်ထို - သထုံ - မော်လမြိုင် - ရေး - ထားဝယ် - မြိတ် -ကော့သောင်းပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မော်လမြိုင်မြို့ နှင့် ပေါင်မြို့နယ် မုတ္တမမြို့အား ချိတ်ဆက်ထားသည့် သံလွင်တံတား (မော်လမြိုင်)နှင့်ဘားအံ - မော်လမြိုင်ကားလမ်းမပေါ်ရှိ မွန်ပြည်နယ်ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်အား ချိတ်ဆက်ထားသည့် ဇာသပြင်တံတားနှင့်မော်လမြိုင်မြို့ ဧရိယာအတွင်းရှိ ကျွဲခြံကုန်းရပ်ကွက်နှင့်စက်မှုဇုန်ရပ်ကွက်တို့အား ချိတ်ဆက်ထားသည့် အတ္ထရံတံတားတို့ကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ (၁၆) ရက်နေ့ကစ၍ ည (၈) နာရီမှ နောက်တစ်နေ့နံနက် (၆) နာရီအထိ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ကြောင်း သိရသည်။
ဘိုဘိုမြင့်















