နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်သည့်ဥပဒေအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ် သြဂုတ် ၁ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ယခုဥပဒေကိုပြဋ္ဌာန်းခြင်းဖြစ်ကြောင်း ၊ ဖွဲ့စည်းပုံအခြေံဥပဒေပုဒ်မ ၃၈၂ ကို အကိုးအကားပြု၍ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ ၅၊ ၇၊ ၈ တို့ပါပြဋ္ဌာန်းချက်များကို ရပ်ဆိုင်းထားလိုက်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
ယခုဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်များဖွဲ့စည်းခြင်းမပြုမီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ကျင့်သုံးဆောင်ရွက်သည့် ကာလအတွင်းသာဖြစ်သည်ဟုမှတ်ယူရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ ၅၊ ၇၊ ၈ တို့ပါပြဋ္ဌာန်းချက်များကို ရပ်ဆိုင်းထားသည့် ဥပဒေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေ၏ သက်တမ်းသည် နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်ရန် နစကကို တာဝန်ပေးအပ်ထားသည့် ကာလအတွင်းသာဖြစ်သဖြင့် ယခုထပ်မံ၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပြဋ္ဌာန်းခြင်းဖြစ်သည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ ၅ တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည် (က) တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကို ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ဖြစ်စေ၊ နစ်နာဆုံးရှုံးမှု မရှိစေရန် မည်သူ့ကိုမဆို ကာကွယ်ပေးရမည်။ (ခ) ပုဂ္ဂိုလ်တစ်ဦးဦး၏ နေအိမ်နှင့် နေအိမ်အဖြစ်အသုံးပြုသော အခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဝင် ရောက် ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအားရှာဖွေခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်လိုလျှင် သက် ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာ အိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ ဆောင် ရွက်ရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။
ထို့ပြင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ ၇ တွင် မည်သူမျှ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ မည် သူ့ကိုမျှ ၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမပြုရဟူ၍ လည်းကောင်း၊ ပုဒ်မ ၈ တွင် မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော် သမ္မတ သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ-(က) နိုင်ငံသားတစ်ဦး၏နေအိမ်၊ နေအိမ်အဖြစ်အသုံးပြုသောအခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအားဖမ်းဆီးခြင်းမပြုရ။(ခ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေ သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း နှင့်စုံစမ်းခြင်းမပြုရ။(ဂ) ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ရေးပစ္စည်းကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြော ကြားခြင်းကို ကြားဖြတ်ဖမ်းယူနားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက် ပေးခြင်း မပြုရ။(ဃ) ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရောနစ်ဆက် သွယ်ရေး သတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရ။(င) အခြားသူ၏ ပုဂ္ဂိုလ်ဆိုင်ရာကိစ္စအလို့ငှာ ဆက်သွယ်ပေးပို့သည့်စာပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ်တစ်ခုခုကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမပြုရ။(စ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရ။(ဆ) နိုင်ငံသားတစ်ဦး၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုသော်လည်း ကောင်း၊မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း မတရားသိမ်းယူခြင်း သို့မဟုတ် တိုက် ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ပျက်စီးစေခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။















