■ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံတွေ့ဆုံ ဆွေးနွေး ■ မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန် ဆန္ဒရှိပြီး မြို့တော်ဒီလီ၌ မြန်မာသံရုံးလာရောက် ဖွင့်လှစ်စေလိုကြောင်း သံရုံးယာယီတာဝန်ခံ ပြောကြား

■ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံတွေ့ဆုံ ဆွေးနွေး ■ မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန် ဆန္ဒရှိပြီး မြို့တော်ဒီလီ၌ မြန်မာသံရုံးလာရောက် ဖွင့်လှစ်စေလိုကြောင်း သံရုံးယာယီတာဝန်ခံ ပြောကြား
Published 25 July 2025

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Olandino Ruide Andrade အား ဇူလိုင် ၂၄ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံစဉ် တီမောလက်စ်တေသံရုံးယာယီတာဝန်ခံက တီမောလက်စ်တေနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ကောင်းမွန်သောဆက်ဆံရေး ထူထောင်လိုပါကြောင်း၊ တီမောလက်စ်တေနိုင်ငံမှ အာဆီယံသို့ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ အားပေးထောက်ခံမှုကို ရရှိလိုပါကြောင်း၊ တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ အားလုံးကို လေးစားလိုက်နာသွားမည်ဖြစ်ပါကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါသည်။ ထို့ပြင် တီမောလက်စ်တေသံရုံးယာယီတာဝန်ခံက မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန်အတွက် ၎င်းတို့အနေဖြင့် ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တီမောလက်စ်တေနိုင်ငံ၏ မြို့တော်ဒီလီ၌ သံရုံးလာရောက် ဖွင့်လှစ်စေလိုပါကြောင်း မေတ္တာရပ်ခံ ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့အတူ  ဒုတိယဝန်ကြီးက တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဆန္ဒရှိမှုကို သိရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ တီမောလက်စ်တေ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရန်ဆန္ဒရှိသည် ဟုသိရှိရပါကြောင်း၊ မြန်မာနိုင်ငံသည် မိမိတို့၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ အာဆီယံအသိုက်အဝန်းထူထောင်ရေး လုပ်ငန်းများနှင့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုများကို တက်ကြွစွာ လိုက်ပါဆောင်ရွက် လျက်ရှိပါကြောင်း၊ တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်း ‌ဆောင်ရွက်ရာတွင် အာဆီယံပဋိညာဉ်နှင့်အညီဖြစ်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် လိုအပ်ပါကြောင်း၊ မကြာမီက ကျင်းပပြုလုပ်ခဲ့သည့် (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တီမောလက်စ်တေ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ ခဲ့ကြရာတွင်လည်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန်အတွက် အပြုသဘောဆောင် ဆွေးနွေးနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင် လဆန်းတွင် ကျင်းပသည့် တီမော်အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ NUG ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး တီမောသမ္မတက ၎င်းတို့ကို လက်ခံတွေ့ဆုံမှုများပြုလုပ်ခဲ့ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ တီမောသံရုံးက ယာယီတာဝန်ခံကို ဆင့်ခေါ်၍ ကန့်ကွက်မှုပြုလုပ်ပြီးနောက် သြဂုတ်လကုန်ပိုင်းတွင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တီမောနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ရပ်တန့်ပြီး သံအရာရှိကို မြန်မာနိုင်ငံမှ ထွက်ခွာစေခဲ့ကာ ယခုပြန်လည်၍ တီမောနိုင်ငံက သံတမန်ဆက်ဆံမှုပြန်လည် ပြုလုပ်လာခြင်းဖြစ်သည်။

Most Read

Most Recent