ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၇ ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရပြန်ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသည့် သတင်းများအရ သိရသည်။
ဇူလိုင် ၆ ရက် ည ၈ နာရီဝန်းကျင်အချိန်က အဆိုပါထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့အဝင် လမ်းသုံးခွ စစ်ဆေးရေးဂိတ်တွင် Chevrolet အမျိုးအစား အဖြူရောင် Van ကားတစ်စီးအား ထိုင်းအာဏာပိုင်များမှ စစ်ဆေးရန် ရန်တန့်ခိုင်းစဉ် ထို Van ကားမှာ အရှိန်မြှင့်ကာ စံခလဘူရီမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ထို့နောက် ထိုင်းအာဏာပိုင်များမှ လိုက်လံရှာဖွေခဲ့ရာ ထို Van ကား ဘန့်ဒိန်ဆိုးကျေးရွာအနီး ကားလမ်းမဘေးတောစပ်တစ်နေရာတွင် ရပ်ထားသည်ကိုတွေ့ရှိရ၍ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား (၁၉) ဦး နှင့် အမျိုးသမီး (၈) ဦး စုစုပေါင်း (၂၇) ဦးအား ဖမ်းဆီးရမိခဲ့ပြီး Van ကားယာဉ်မောင်းဖြစ်သူမှာမူ ထွက်ပြေးလွတ်မြောက်နေကြောင်း ထိုင်းသတင်းများက ဆိုကြသည်။
ထို့နောက် ထိုင်းအာဏာပိုင်များမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား ထောင်ဖာဖွန်မြို့၊ လမ်းသုံးခွ စစ်ဆေးရေးဂိတ်သို့ ပြန်လည်ခေါ်ဆောင်သွားပြီး စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်။
အထောက်အထားမဲ့ မြန်မာနို်ငငံသားများအား ထိုင်းအာဏာပိုင်များမှ စကားပြန်မှတဆင့် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ရာ ၎င်းတို့မှာ ထိုင်း - မြန်မာနယ်စပ် မြန်မာနို်ငငံဘက်ခြမ်း ဘုရားသုံးဆူမြို့ဘက်မှ တရားမဝင်နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း နှင့် အသင့်စောင့်နေသည့် Van ကားဖြင့် လိုက်ပါလာကြခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန်အတွက် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။
ထိုအထောက်အထားမဲ့မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားဖြစ်သူအား တစ်ဦးလျှင် ဘတ် (၁၅၀၀၀) မှ (၂၀၀၀၀) အထိ ပေးရမည်ဖြစ်ပြီး လုပ်ငန်းခွင်သို့ ရောက်မှသာ ပေးချေရမည်ဟု သဘောတူထားသော်လည်း လမ်းခလပ်တွင် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်းလည်း ဝန်ခံထွက်ဆိုချက်ပေးထားသည်။
ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား ထောင်ဖာဖွန်မြို့ရှိ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း၊ ၎င်းတို့အား ထိုင်းဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ၎င်းတို့အား တင်ဆောင်လာသည့် Van ကား ယာဉ်မောင်း နှင့် ယာဉ်ပိုင်ရှင်ဖြစ်သူတို့ကိုလည်း ဖေါ်ထုတ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်အရ သိရသည်။
ယခု ဇူလိုင်လ၌ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၇၅) ဦးထက်မနည်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။















