■ မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့် အကြိုပွဲတော် ကျင်းပ

■ မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့် အကြိုပွဲတော် ကျင်းပ
Published 4 July 2025

မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့် အကြိုပွဲတော် အခမ်းအနားကို မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်အင်ဂျင်နီယာအဆောက်အဦး (အုတ်တိုက်နီ)ရှေ့တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ နေ့လယ် ၁၂ နာရီ အချိန်ထိ ကျင်းပခဲ့ကြကြောင်း သိရှိရပါသည်။

အငြိမ်းစား ဆရာကြီး/ဆရာမကြီးများ၊ မန္တလေးမြို့မိမြို့ဖများ၊ ကျောင်းသူ/ကျောင်းသားဟောင်းများဖြင့်ဖွဲ့စည်းထားသော မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ကျင်းပရေးကော်မတီ ၏ မန္တလေးတက္ကသိုလ်ရာပြည့် အကြိုဂုဏ်ပြုသောအားဖြင့် ရာပြည့်ဂုဏ်ပြုမဂ္ဂဇင်းနှင့် အမှတ်တရပစ္စည်းများ ရောင်းချခြင်း သမိုင်းမှတ်တမ်း ဓာတ်ပုံပန်းချီများခင်းကျင်းပြသခြင်း၊ စတုဒိသာကျွေးမွေးဧည့်ခံခြင်းများ ကျင်းပပြုလုပ်ခဲ့ကြသည်။

"ဒီနေ့က ရာပြည့်အကြိုပွဲဖြစ်ပါတယ်။ ဒီထက်ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ပွဲ နိုင်ငံတော်အဆင့်ပွဲဟာ အောက်တိုဘာလမှာ ကျင်းပမှာ ဖြစ်ပါတယ်။မန္တလေးတက္ကသိုလ်မှာရှိတဲ့ ဘာသာရပ်ပေါင်းစုံကအသက် ၇၀ နှစ် အထက် ဆရာကြီး ဆရာမကြီး ၇၀၀ ကျော်ကို ပူဇော်တဲ့ ဆရာကန်တော့ပွဲ လုပ်မှာဖြစ်ပါတယ်။ အဲဒီပွဲနဲ့ တွဲရက်ကျင်းပမယ့် ရှေးတုန်းကရှိခဲ့တဲ့ ဂီတပဒေသာ ဂီတဆည်းဆာတွေ ပါမယ်။ တခြား ပျော်ပွဲရွှင်ပွဲတွေလည်း ပါမယ်။ ကြီးကျယ်ခမ်းနားတဲ့ ပွဲတွေလည်းပါမယ်"ဟု အခမ်းအနားတွင် တာ၀န်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

မန္တလေးတက္ကသိုလ်သည် ၁၉၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ် ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်ပြီ ဖြစ်ကြောင်း သိရသည်။ 

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် နေ့လယ်က အလွန်ပြင်းထန်သော ငလျင်​လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတက္ကသိုလ်ထဲရှိ ပင်မအဆောက်အအုံ ထိခိုက်မှုများပြီး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တခြားအဆောက်အဦးများလည်း ထိခိုက်ခဲ့ကြောင်း၊ ယခုလက်ရှိတွင်   ပင်မအဆောက်အအုံကြီးအား ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

■ သတင်းနှင့် ဓာတ်ပုံ- သက်ထွန်းအောင်

Most Read

Most Recent