မလေးရှားတွင် ပတ်ဝန်းကျင်က တိုင်ကြားမှုများကြောင့် မြန်မာလုပ်သားအချို့ ဖမ်းဆီးခံရခြင်းများရှိနေ

မလေးရှားတွင် ပတ်ဝန်းကျင်က တိုင်ကြားမှုများကြောင့် မြန်မာလုပ်သားအချို့ ဖမ်းဆီးခံရခြင်းများရှိနေ
Published 2 July 2025

မလေးရှားတွင် ပတ်ဝန်းကျင်က တိုင်ကြားမှုများကြောင့် မြန်မာလုပ်သားအချို့ ဖမ်းဆီးခံရခြင်းများရှိနေကြောင်း သိရသည်။

ဇူလိုင် ၁ ရက် ညပိုင်းက ကွာလာလမ်ပူ ချရက်စ် Ria ရှိ လူနေတိုက်ခန်းတွင် ပတ်ဝန်းကျင်တိုင်ကြားမှုကြောင့် မလေးရှားအာဏာပိုင်များက အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများတွင် မြန်မာလူမျိုးအများစုဖြစ်ကြောင်း မလေးရှားရှိ မြန်မာလုပ်သားများထံမှ သိရသည်။

ထို့ပြင် ဇွန် ၂၅ ရက်ကလည်း  မလေးရှားနိုင်ငံ မာလကာပြည်နယ်တွင်  အော်ပရာစီစီမံချက်ဖြင့် ဝင်ရောက်ဖမ်းဆီးရာ အထောက်အထား မပြည့်စုံသူ မြန်မာလူမျိုး ၂၂ ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။

“မလေးမှာက တော်တော်ခက်ခဲလာတယ်။ အရင်ကထက် ဆိုးလာတယ်။ ပတ်ဝန်းကျင်က တိုင်ရင်လည်း ကိုယ့်ဆီမှာ အထောက်အထားမပြည့်စုံရင် ဖမ်းခံရမယ်။ အခုက အော်ပရာစီကလည်း ဝင်တာကြမ်းနေတော့ ပိုဆိုးတယ်။ သတိထားနေရတယ်” ဟု မလေးရှားနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်လျက်ရှိသူတစ်ဦးက ပြောကြားသည်။

မေလပိုင်းမှ စတင်ကာ မလေးရှားအစိုးရက အော်ပရာစီဖြင့် မြန်မာအပါအဝင် ပြည်ပရွှေ့ပြောင်းလုပ်သားများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး အထောက်အထားမပြည့်စုံသူများကို ဆက်တိုက်ဖမ်းဆီးမှုများ ဆောင်ရွက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေ ၂၉ ရက်ညပိုင်းမှ မေ ၃၀ ရက် နံနက်အစောပိုင်းအထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဆာလာယန်းတွင် မလေးရှားနိုင်ငံဌာနပေါင်းစုံ ခုနစ်ခုမှ အော်ပရာစီ ဝင်ရောက်စစ်ဆေးရာနိုင်ငံခြားသားအထောက်အထားမရှိသူ ၁၄၃၅ ဦးဖမ်းဆီးနိုင်ကြောင်း၊ ဖမ်းဆီးခံရသူများမှာ မြန်မာ ၁၂၂၂ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၄၂ ဦး၊ အိန္ဒိယကိုးဦး၊ အင်ဒိုနီးရှား နှစ်ဦးနှင့် နီပေါနိုင်ငံသားများလည်းပါဝင်ကြောင်း သိရသည်။

ဇွန် ၂ ရက်တွင်လည်း မလေးရှာနိုင်ငံ ပီနန်း  ဘာတာဝပ်ရှိ ဘီအမ် ဈေးဝယ်စင်တာတွင် အော်ပရာစီဝင်ရောက်စစ်ဆေးခြင်းများရှိရာ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း သိရသည်။

အလားတူ မေ ၂၃ ရက်ကလည်း မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ဆန်းဝေးရှိ  Mentari Court  ကို အော်ပရာစီ ဝင်‌ရောက်ရာ အထောက်အထားမပြည့်စုံသူ ၅၉၇ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး ဖမ်းဆီးခံရသူများမှာ မြန်မာ ၂၂၆ ဦး၊ အင်ဒိုနီးရှား ၂၀၁ ဦး ၊ ဘင်္ဂလားဒေ့ရှ် ၇၁  ဦး၊ ပါကစ္စတန်  ၄၆  ဦး၊ နီပေါ  ၄၄ ဦး၊ အိန္ဒိယ ရှစ်ဦးနှင့် ထိုင်း တစ်ဦးတို့ ပါဝင်သည်ဟု မလေးရှားနိုင်ငံမှလာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent