ရွေးကောက်ပွဲအလွန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ညီလာခံတစ်ခုဆောင်ရွက်ရန်နှင့် အကျဉ်းသားပြန်လည်လွတ်မြောက်ရေးကိစ္စများ ဆောင်ရွက်ရန် ငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေး

ရွေးကောက်ပွဲအလွန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ညီလာခံတစ်ခုဆောင်ရွက်ရန်နှင့် အကျဉ်းသားပြန်လည်လွတ်မြောက်ရေးကိစ္စများ ဆောင်ရွက်ရန် ငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေး
Published 27 June 2025

ရွေးကောက်ပွဲအလွန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ညီလာခံတစ်ခုဆောင်ရွက်ရန်နှင့် အကျဉ်းသား ပြန်လည်လွတ်မြောက်ရေးကိစ္စဆောင်ရွက်ရန် နေပြည်တော်တွင် ပြုလုပ်လျက်ရှိသည့် ငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေးမှုများရှိကြောင်း သိရသည်။

ဇွန် ၂၅ ရက်မှ ဇွန် ၂၇ ရက်အထိ ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာသည့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များသည် ဇွန် ၂၆ ရက်မှစ၍ အဖွဲ့(၁)နှင့် အဖွဲ့(၂) ဟူ၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။

ထိုသို့ ဆွေးနွေးကြရာတွင် ရွေးကောက်ပွဲအလွန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ညီလာခံတစ်ခုဆောင်ရွက်ရန်နှင့် ပဋိပက္ခတွင် ပါဝင်တဲ့သူများ ကျယ်ကျယ်ပြန့်ပြန်ပါဝင်လာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်အောင် ဆောင်ရွက်ရန် ဆွေးနွေးတိုက်တွန်းမှုရှိခဲ့ကြောင်း ငြိမ်းချမ်းရေးဖိုရမ် အဖွဲ့(၂)၏ ဆွေးနွေးပွဲကို တက်ရောက်နေသည့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

“အားလုံးပြောနေတဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်ဖို့ဆိုတာကလည်း ရွေးကောက်ပွဲမတိုင်ခင်မှာ အလွတ်သဘောဆွေးနွေးတာတွေ၊ နောက် နှစ်ဦးနှစ်ဖက်ဆွေးနွေးတာတွေရှိသလို ရွေးကောက်ပွဲအလွန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ညီလာခံတစ်ခု ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သင့်တယ်ဆိုတာလည်း အကြံပြုခဲ့တာတွေရှိတယ်။ ပဋိပက္ခမှာ ပါဝင်တဲ့သူတွေ တဖြည်းဖြည်း ပိုပိုပြီးကျယ်ကျယ်ပြန့်ပြန်ပါဝင်လာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာရှိပါတယ်။ လက်နက်ကိုင်ပဋိပက္ခဟာလည်း ဒါကြီးပြီးရင် ဆက်ရှိနေဦးမှာ။ အခုကတော့ အာဏာသုံးရပ်စလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုင်တွယ်ကျင့်သုံးနေတာ ရွေးကောက်ပွဲပြီးသွားရင်တော့ အာဏာခွဲဝေကျင့်သုံးတဲ့ ပုံစံတစ်ခုပေါ်လာမယ်။ ပေါ်လာပြီးရင် ဒီပဋိပက္ခတွေကို ဆက်ဖြေရှင်းဖို့အတွက် ကျယ်ပြန့်တဲ့အခြေခံကောင်းတွေရလာလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

အဆိုပါအကြုံပြုချက်များသည် Concept အရ ဆွေးနွေးမှုများဖြစ်ပြီး လက်တွေ့အချက်အလက်များအပေါ် တာဝန်ရှိသူများက သဘောတူလျှင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဖြစ်လာမည်ဟု ဦးကိုကိုကြီးက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ကတော့ Concept အရ ဆွေးနွေးတာပေါ့။ လက်တွေ့ဒီအချက်အလက်ကို တာဝန်ရှိသူတွေအားလုံးက သဘောတူပြီဆိုမှ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေ ပါလာမှာပေါ့။ ကျွန်တော်တို့ကတော့ Concept အရ ဒီပဋိပက္ခထဲမှာ ပါဝင်တဲ့လူတွေကို ကျန်ထားခဲ့တယ်။ ဖယ်ထုတ်ထားခဲ့တယ် ဆိုတာမျိုးထက်စာရင် ဒီဖွဲ့စည်းပုံဟာ အားနည်းချက်တွေ လိုအပ်ချက်တွေရှိတယ်ဆိုတာကတော့ အားလုံးက လက်ခံပြီးပြီ။ ပြင်ဖို့လိုတယ်ဆိုတာကိုလည်း လက်ခံထားပြီးပြီ။ သို့သော် နည်းနည်းပြင်ချင်တာနဲ့ များများပြင်ချင်တာပဲ ကွာဟမှုဖြစ်နိုင်တာကို အဲဒါကို ပြန်ပြီးတော့ သုံးသပ်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို သုံးသပ်တာကပိုပြီးတော့ ပြည့်စုံတယ်။ အခုကတော့ NSPNC နဲ့ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေးပါတီများအစုအဖွဲ့ကနေပြီး ပြင်ဆင်ချင်တဲ့အချက်တွေ တင်ပြတယ်။ NSPNC ကလည်း သူ့ဘက်ကလည်း ပြင်ဆင်ချင်တဲ့အချက်တွေ တင်ပြတယ်။ ဒီလိုမျိုးဆွေးနွေးနေတာ။ တကယ်တော့ တစ်ခုလုံးကို သုံးသပ်နိုင်တဲ့အခြေအနေဖြစ်ရင်တော့ ပိုပြီးတော့ ကျယ်ပြန့်တဲ့ ပြည့်စုံတဲ့ ညီလာခံတစ်ခုဖြစ်လာမှာပေါ့နော်” ဦးကိုကိုကြီးက ပြောကြားသည်။

ထို့အတူ ငြိမ်းချမ်းရေးဖိုရမ် အဖွဲ့(၁)၏ ဆွေးနွေးအကြံပြုချက်များတွင်လည်း ဖက်ဒရယ်ဆိုင်ရာ ရပိုင်ခွင့်များ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ထွန်းရေးအတွက် အခြေခံမူများကို ညီလာခံတစ်ရပ် ခေါ်ယူဖော်ထုတ်ရန် အကြုံပြုဆွေးနွေးမှုများ ရှိခဲ့ကြောင်း အဖွဲ့(၁)၏ ဆွေးနွေးပွဲ(၂) တွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေးဖိုရမ်၌ ရွေးကောက်ပွဲအလွန်ကာလတွင် အကျဉ်းကျနေသူများ ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်လာနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ကြောင်းလည်း ဆွေးနွေးမှုများရှိခဲ့သည်ဟု ဦးကိုကိုကြီးက ပြောသည်။

“နောက်အရေးကြီးတာ တစ်ခုကတော့ အကျဉ်းကျနေသူတွေ ပြန်လည်လွတ်မြောက်ဖို့ကိစ္စ။ ဒါတွေကိုလည်းပဲ အရင်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီမှာ ပါဝင်ပြီးတော့ အဲဒီအချိန်တုန်းက အကျဉ်းသားတွေကို ရာပေါင်းများစွာ လွှတ်ပေးနိုင်ခဲ့တယ်။အခုလည်းပဲ ရွေးကောက်ပွဲအလွန်မှာ အကျဉ်းသားလွတ်မြောက်ရေးကိစ္စ၊ပြည်ပရောက်မြန်မာနိုင်ငံသားတွေထဲကနေ ပြန်ပြီး ဝင်ရောက်လာနိုင်ဖို့ကိစ္စ ဒီဟာတွေကို ကြိုတင်စဉ်းစားထားဖို့ ပြင်ဆင်ထားသင့်တဲ့အကြောင်းတော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖြစ်ခဲ့ကြပါတယ်” ၎င်းက ပြောကြားသည်။

ယင်းအပြင် စစ်မှုထမ်းခေါ်ယူခြင်းကိစ္စကဲ့သို့ လူထုအပေါ် ပိနေသည့် ဝန်ထုပ်ဝန်ပိုးများကို ရွေးကောက်ပွဲကျင်းပရာ ဒေသများတွင် ခေတ္တဆိုင်းငံ့ထားရန်လည်း ဆွေးနွေးမှုများ ရှိခဲ့သည်ဟု ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

Most Read

Most Recent