ရည်ရွယ်ရာဆီ ရောက်ခဲ့ပြီ

ရည်ရွယ်ရာဆီ ရောက်ခဲ့ပြီ
Photo : X
Photo : X
Published 3 June 2025
Wai Yan Aung

နောက်ဆုံးတော့ PSG အသင်းက ရည်ရွယ်ရာပန်းတိုင်ဆီ အရောက်လှမ်းနိုင်ခဲ့ပါပြီ။ ပြင်သစ်ပြည်တွင်းမှာ ပြိုင်ဘက်ကင်းသလိုဖြစ်နေတဲ့ PSG အသင်းက ဥရောပအောင်ပွဲ တစ်နည်းအားဖြင့် ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဆယ်စုနှစ်တစ်ခုမကတော့ပါဘူး။ ၂၀၁၁ ခုနှစ်မှာ ကာတာစော်ဘွားတွေရဲ့ ပိုင်ဆိုင်မှုအောက် ရောက် ရှိပြီးကတည်းက ဒီလိုရည်မှန်းခဲ့တာဖြစ်ပြီး နာမည်ကျော်ကစားသမားများစွာ၊ ထိပ်တန်းနည်းပြများစွာကို ခေါ်ယူပြီး ရည်ရွယ်ရာဆီရောက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

နောက်ဆုံးတော့ PSG အသင်းက ရည်ရွယ်ရာပန်းတိုင်ဆီ အရောက်လှမ်းနိုင်ခဲ့ပါပြီ။ ပြင်သစ်ပြည်တွင်းမှာ ပြိုင်ဘက်ကင်းသလိုဖြစ်နေတဲ့ PSG အသင်းက ဥရောပအောင်ပွဲ တစ်နည်းအားဖြင့် ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဆယ်စုနှစ်တစ်ခုမကတော့ပါဘူး။ ၂၀၁၁ ခုနှစ်မှာ ကာတာစော်ဘွားတွေရဲ့ ပိုင်ဆိုင်မှုအောက် ရောက် ရှိပြီးကတည်းက ဒီလိုရည်မှန်းခဲ့တာဖြစ်ပြီး နာမည်ကျော်ကစားသမားများစွာ၊ ထိပ်တန်းနည်းပြများစွာကို ခေါ်ယူပြီး ရည်ရွယ်ရာဆီရောက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အခု စပိန်နည်းပြ အန်နရီကေးလက်ထက်မှာတော့ သူတို့ရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝခဲ့ပါပြီ။ ပါရီမြို့ဟာ ချန်ပီယံလိဂ်ဖလားနဲ့အတူ ထည်ဝါနိုင်ခဲ့ပါပြီ။ တကယ်တော့ အန်နရီကေး ယူဆောင်ပေးခဲ့တာက ချန်ပီယံလိဂ်အောင်ပွဲ သက်သက်တင် မဟုတ်သေးပါဘူး။ ဥရောပမှာ အသင်းအနည်းငယ်သာရရှိဖူးတဲ့ ဖလားသုံးလုံးအောင်ပွဲကိုပါ ရယူနိုင်ခဲ့တာပါ။ "အသင်းကို စရောက်တဲ့ ပထမဆုံး နေ့မှာကတည်းက အရေးပါတဲ့ ဆုဖလားတွေ ရယူသွားချင်တယ်လို့ ပြောခဲ့ပါတယ်။ PSG က ချန်ပီယံလိဂ်ဖလားကို ဘယ်တုန်းကမှ မရခဲ့ဖူးပါဘူး။ အခု ကျွန်တော်တို့ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ပါပြီ။ လူတွေအများကြီးကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ ခံစားချက်က တကယ်ကောင်းပါတယ်"လို့ အန်နရီကေးက ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ 

အပြတ်သားဆုံး

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ PSG က အင်တာမီလန်အသင်းကို (၅-ဝ)ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ယူခဲ့တာပါ။ ဒီရလဒ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ ဂုဏ်သရေကို ထိခိုက်သလိုဖြစ်ခဲ့ပေမဲ့ PSG အတွက်တော့ ချန်ပီယံအရည်အသွေးအပြည့်ရှိကြောင်း ပြသရာရောက်ခဲ့ပါတယ်။ PSG က ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလား ရယူခဲ့ရာမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ စံချိန်မှတ်တမ်းတစ်ခုကိုပါ ရယူခဲ့တာပါ။ ဥရောပဖလားဆိုတဲ့အမည်နဲ့ စတင်ကျင်းပခဲ့တဲ့ ၁၉၅၅-၅၆ ရာသီကနေ ပြီးခဲ့တဲ့ရာသီအထိ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြိုင်ဘက်ကို (၅)ဂိုး ပြတ်အနိုင်ယူနိုင်တဲ့အသင်း မရှိခဲ့ဖူးပါဘူး။ (၄)ဂိုးပြတ်အနိုင်ရတဲ့အသင်းတွေတော့ ရှိခဲ့ဖူးပါတယ်။ ၁၉၇၃-၇၄ ရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကိုတို့ (၁-၁)ဂိုးနဲ့ သရေကျလို့ နောက်တစ်ပွဲ ပြန်ကစားတဲ့အခါ ဘိုင်ယန်မြူးနစ်က (၄-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ဖူးပါတယ်။ ၁၉၈၈-၈၉ ရာသီ ဗိုလ်လုပွဲမှာလည်း အေစီမီလန်က စတူအာဘူခါရက်ကို (၄-ဝ) ဂိုးနဲ့ အနိုင်ရခဲ့ဖူးပါတယ်။ ၁၉၉၃-၉၄ ရာသီ ဗိုလ်လုပွဲမှာလည်း အေစီမီလန်က ဘာစီလိုနာကို (၄-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ဖူးပါတယ်။ အဲဒီ(၃)ပွဲကလွဲရင် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ (၃)ဂိုးထက်ပိုပြတ်တာ မရှိခဲ့ဖူးပါဘူး။ အခု PSG အသင်းက အင်တာမီလန်ကို (၅)ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်သမိုင်းမှာ အပြတ်သားဆုံးဗိုလ်လုပွဲမှတ်တမ်းကို ရေးထိုးခဲ့တာပါ။ တကယ်တော့ PSG အသင်းက ဗိုလ်လုပွဲမတိုင် ခင်မှာကတည်းက သူတို့ရဲ့ အရည်အသွေးကို မှတ်ကျောက်တင်ပြခဲ့ပြီးသားလည်း ဖြစ်ပါတယ်။ League Phase မှာတုန်းက အဆင့်(၁၅)နေရာသာ ရရှိခဲ့ပေမဲ့ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေထဲမှာ အာဆင်နယ်၊ အက်သလက်တီကို၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့လို ထိပ်သီးပြိုင်ဘက်တွေ ပါဝင်နေခဲ့တာပါ။ ဒါကြောင့် ရုန်းကန်ခဲ့ရတာဖြစ်ပြီး ရှုံးထွက်အဆင့်ရောက်တော့လည်း လီဗာပူးလ်၊ အက်စတွန်ဗီလာ၊ အာဆင်နယ်စတဲ့ ပရီးမီးယား လိဂ်ပြိုင်ဘက်တွေကို ကျော်ဖြတ်ခဲ့ရတာပါ။ PSG အသင်းက ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ဖြတ်သန်းရင်းမှာပဲ ပိုကောင်းတဲ့အသင်းတစ်သင်း ဖြစ်လာခဲ့ပါတယ်။ ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုကလည်း မြင့်သထက်မြင့်တက်လာခဲ့ပါ တယ်။ နည်းပြ အန်နရီကေးကတော့ အသင်းကို စတင်ကိုင်တွယ်ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေခဲ့သူလို့ ဆိုရမှာပါ။ ဒါကြောင့် လည်း သူက အမ်ဘာပေလို အဓိကကစားသမားကို ဆုံးရှုံးလိုက်ရချိန်မှာတောင် တုန်လှုပ်ဟန်မပြခဲ့ဘဲ အခုမှ ဘောလုံးအသင်းပီသတဲ့ အသင်းကို ဖွဲ့စည်းတည်ဆောက်နိုင်ပြီလို့ ကြုံးဝါးခဲ့တာပါ။ PSG အသင်းက အရင်နည်းပြတွေနဲ့ အရင်အားကစားဒါ ရိုက်တာတွေလက်ထက်မှာ နာမည်ကြီးကစားသ မားတွေကို အားပြုခဲ့ပေမဲ့ လက်ရှိနည်းပြ အန်နရီ ကေးနဲ့ ဘောလုံးအကြံပေးအဖြစ် ခန့်အပ်ထားတဲ့ လူးဝစ်ကမ်ပို့စ်တို့လက်ထက်မှာတော့ အသင်းအတွက် အမှန်တကယ်အသုံးဝင်မယ့် အရည်အသွေး ရှိသူတွေကို ဦးစားပေးခေါ်ယူလာခဲ့ပါတယ်။ ဒါက နာမည်ကျော်ကစားသမားတွေကို မခေါ်ယူတော့ဘူးဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ ဒမ်ဘီလီ၊ ခါဗာရာဆကယ်လီယာတို့က အရင်အသင်းတွေ မှာကတည်းက ကျော်ကြားပြီးသား ကစားသမား တွေပါ။ ဘာစီလိုနာအသင်းမှာ မျှော်လင့်သလို မ ထွန်းပေါက်ခဲ့တာကြောင့် ပြင်သစ်မြေ ပြန်ရောက်လာတဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီကတော့ PSG အသင်းအတွက် အရေးအပါဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒမ်ဘီလီက ဒီရာသီမှာ PSG အသင်းအတွက် ပြိုင်ပွဲစုံမှာ (၃၃)ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပြင်သစ်လိဂ်ဂိုးသွင်းဘုရင်ဆုကို ဂရင်းဝုဒ်နဲ့အတူ ပူးတွဲဆွတ်ခူးခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ (၈)ဂိုး၊ ပြင်သစ်ဖလားမှာ (၃)ဂိုး သွင်းယူခဲ့တာကြောင့် PSG အသင်းအတွက် ပြိုင်ပွဲတိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာပါ။ တစ်နည်းအားဖြင့် ပြောရရင်တော့ PSG အသင်းရဲ့ ဖလားသုံးလုံးအောင်ပွဲမှာ အန်နရီကေး အားအကိုးရဆုံးကစားသမား ဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု Ballon d'Or ရရှိမယ့်သူအဖြစ် ရေပန်းအစားဆုံး ဖြစ်လာတာပါ။ 

ဖလားသုံးလုံး နောက်တစ်ကြိမ်

ဒမ်ဘီလီအနေနဲ့  Ballon d'Or ဆုကို လီဗာပူးလ်တိုက်စစ်မှူး ဆာလာ၊ ဘာစီလိုနာကစားသမားတွေဖြစ်တဲ့ ယမားလ်၊ ရာဖင်ညာတို့နဲ့ အပြိုင်လုရလိမ့်မယ်လို့ ထင်ကြေးပေးခံနေရပေမဲ့ ပြီးခဲ့တဲ့နှစ်ကမှ ထပ်တိုးချီးမြှင့်ခဲ့တဲ့ အကောင်းဆုံးနည်းပြဆုကိုတော့ အန်နရီကေးရရှိမှာ သေချာနေပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ပါတယ်။ PSG အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့ရုံသာမက ထူးခြားရှားပါးတဲ့ ဖလားသုံးလုံးအောင်ပွဲကိုပါ ရယူပေးနိုင်ခဲ့တာကြောင့် အကောင်းဆုံးနည်းပြဆုရသင့်သူလို့ ဆိုရမှာပါပဲ။ ဥရောပမှာ ချန်ပီယံလိဂ်ဖလား၊ ပြည်တွင်းအမှတ်ပေးဖလားနဲ့ ပြည်တွင်းရှုံးထွက်ဖလားဆိုတဲ့ ဖလားသုံးလုံးအောင်ပွဲ ရယူနိုင်တဲ့အသင်းက PSG အပါအဝင် (၉)သင်းပဲ ရှိဖူးပါတယ်။ ဆဲလ်တစ်၊ အေဂျက်စ်၊ PSG၊ မန်ယူ၊ ဘာစီလိုနာ၊ အင်တာမီလန်၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးနဲ့ PSG တို့ပါ။ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့က ဖလားသုံးလုံးအောင်ပွဲ နှစ်ကြိမ်ရရှိဖူးတဲ့အသင်းတွေဖြစ်ပြီး ဖလားသုံးလုံးအောင်ပွဲ နှစ်ကြိမ်ရရှိဖူးတဲ့ နည်းပြကလည်း နှစ်ဦးပဲ ရှိပါတယ်။ စပိန်နည်းပြတွေဖြစ်တဲ့ ဂွါဒီယိုလာနဲ့ အန်နရီကေးတို့ပါ။ ဂွါဒီယိုလာက ၂၀၀၈-၀၉ ရာသီမှာ ဘာစီလိုနာ၊ ၂၀၂၂-၂၃ ရာသီမှာ မန်စီးတီးအသင်းတွေနဲ့ ဖလားသုံးလုံး အောင်ပွဲရရှိခဲ့တာဖြစ်ပြီး အန်နရီကေးကတော့ ၂၀၁၄-၁၅ ရာသီမှာ ဘာစီလိုနာ၊ အခု ၂၀၂၄-၂၅ ရာသီမှာ PSG အသင်းနဲ့ ဖလားသုံးလုံးအောင်ပွဲ ရယူနိုင်ခဲ့တာပါ။ ပထမအကြိမ်ရရှိခဲ့တဲ့ ဖလားသုံးလုံးအောင်ပွဲက အန်နရီကေးအတွက် မမေ့နိုင်စရာလည်းဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက သူနဲ့အတူ ကွင်းထဲဝင်ပြီး အောင်ပွဲခံခဲ့တဲ့ အငယ်ဆုံးသမီးလေး ရှာနာဟာ အသက်(၉)နှစ်အရွယ်မှာပဲ အရိုးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာကြောင့်ပါ။ သမီးငယ်လေးအတွက် ဘာစီလိုနာအသင်းရဲ့အလံကို မြက်ခင်းပြင်ပေါ် စိုက်ထူပေးခဲ့တဲ့ အန်နရီကေးရဲ့ပုံရိပ်က အဲဒီအချိန်က ကြည်နူးစရာ၊ နောင်တစ်ချိန်မှာ လွတ်းဆွတ်စရာဖြစ်ခဲ့ပါတယ်။ ဒါကြောင့် PSG  ပရိသတ်တွေက အဲဒီရုပ်ပုံကို ပိုစတာအကြီးကြီး ဖန်တီးပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အန်နရီကေးကို ဂုဏ်ပြုခဲ့ကြပါတယ်။ အန်နရီကေးကတော့ သမီးလေးကို သတိရဖို့အတွက် ချန်ပီယံလိဂ်ဖလား ရယူစရာမလိုပါဘူး။ သူတို့မိသားစု အမြဲတမ်းသတိရနေတာပါလို့ ဆိုခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ပထမအကြိမ် ဖလားသုံးလုံးအောင်ပွဲရရှိချိန်က အတူရှိခဲ့တဲ့ သမီးငယ်လေးကို အခု ဒုတိယအကြိမ် ဖလားသုံးလုံးအောင်ပွဲ ရရှိချိန်မှာ အန်နရီကေး ပိုပြီးသတိရမိမှာတော့ သေချာပါတယ်။ ဘယ်အောင်ပွဲကို ပိုပြီးတန်ဖိုးထားသလဲဆိုရင်တော့ ရွေးချယ်ရခက်နိုင်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ဖလားသုံးလုံးအောင်ပွဲရရှိခဲ့ချိန်မှာ ဘာစီလိုနာအသင်းက အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန်ဖြစ်တာကြောင့် အခုထက် ပိုပြီးလွယ်ကူသယောင်တော့ ရှိပါတယ်။ ဒါပေမဲ့ အောင်မြင်နေပြီး သားအသင်းကို ကိုယ့်လက်ထဲရောက်မှ နိမ့်ကျမသွားအောင် လုပ်ဆောင်ရတာကလည်း လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ PSG အသင်းကတော့ ချန်ပီယံလိဂ်ဖလား မရဖူးသေးတဲ့အသင်း၊ ဒီဖလားကို အရယူချင်နေတဲ့အသင်း ဖြစ်တာကြောင့်  စိန်ခေါ်မှုက ပိုပြီးပြင်းထန်နိုင်ပါတယ်။ ဒါပေမဲ့ အန်နရီကေးက ရည်ရွယ်ရာဆီရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါပြီ။ မန်စီးတီးအသင်းကို ဂွါဒီယိုလာက အသင်းတာဝန်ရှိသူတွေ မျှော်မှန်းထားတဲ့အတိုင်း ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်  ပေးနိုင်ခဲ့သလို၊ အန်နရီကေးကလည်း PSG အသင်းကို စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ နှစ်ဦးစလုံးက ချန်ပီယံလိဂ်သာမက ဖလားသုံးလုံးအောင်ပွဲ ရရှိအောင်ပါ စွမ်းဆောင်နိုင်ခဲ့ကြတာပါ။ အန်နရီကေးကတော့ လယ်သမားလိဂ်သို့ လှောင်ပြောင်နှိမ့်ချခံရတဲ့ ပြင်သစ်လိဂ်ကနေ ချန်ပီယံလိဂ်ဖလားရရှိ အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်တာကြောင့် ပိုပြီးအသိအမှတ်ပြုခံရထိုက်ပါတယ်။

Most Read

Most Recent