ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို အာဆင်နယ်အသင်း ခေါ်ယူရန် နီးစပ်နေပြီး မကြာမီ ဆေးစစ်မှုခံယူဖွယ်ရှိ

ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို အာဆင်နယ်အသင်း ခေါ်ယူရန် နီးစပ်နေပြီး မကြာမီ ဆေးစစ်မှုခံယူဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 29 May 2025

အာဆင်နယ်အသင်းသည် ဆိုစီဒက်အသင်းမှ စပိန်လက်ရွေးစင်ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူရန် နီးစပ်နေပြီး မကြာမီ ဆေးစစ်မှုခံယူဖွယ်ရှိနေကြောင်း သိရသည်။

BBC Sport သတင်းရင်းမြစ်များက ဇူဘီမန်ဒီ၏ အာဆင်နယ်အသင်းသို့ အပြောင်းအရွှေ့အတွက် လိုအပ်သည့်စာရွက်စာတမ်းများအား လက်မှတ်ရေးထိုးပြီးဖြစ်ပြီး နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသည် ဇူဘီမန်ဒီအား အစောပိုင်းကတည်းက ကြိုးပမ်းခဲ့ပြီး စာချုပ်လျော်ကြေး ပေါင်(၅၁)သန်းပေးကာ ခေါ်ယူသွားဖွယ် ရှိနေသည်။

ဇူဘီမန်ဒီအနေဖြင့် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်း၏ ပထမဆုံးကစားသမားခေါ်ယူမှု ဖြစ်လာရန် သေချာလျက်ရှိသည်။

အာဆင်နယ်အသင်းနှင့် ဆိုစီဒက်အသင်းအကြား ဇူဘီမန်ဒီ (၂၆ နှစ်)၏ပြောင်းရွှေ့ကြေးအား ပေးချေမည့်ပုံစံနှင့် ပတ်သက်ပြီး အပြီးသတ်သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

ဆိုစီဒက်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ၎င်းအနေဖြင့် ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၃၆)ပွဲ ကစားပေးခဲ့ပြီး (၁၀)ဂိုး သွင်းယူထားခဲ့သည်။

ကစားသမားဘဝတွင် ဆိုစီဒက်အသင်းနှင့် စပိန်ဘုရင့်ဖလား ဆွတ်ခူးခဲ့ပြီး ယူရို-၂၀၂၄ ချန်ပီယံနှင့် ၂၀၂၂-၂၃ UEFA Nations League ချန်ပီယံ စပိန်လက်ရွေးစင်အသင်းသားတစ်ဦးလည်း ဖြစ်ခဲ့သည်။

ဇူဘီမန်ဒီသည် အာဆင်နယ်အသင်းတွင် ဆိုစီဒက်အသင်းဖော်ဟောင်းများဖြစ်သည့် အော်ဒီဂွါ၊ မယ်ရီနိုတို့နှင့် ပြန်လည်လက်တွဲရမည်ဖြစ်ပြီး စပိန်လက်ရွေးစင်အသင်းဖော် ဂိုးသမား ရာယာလည်း ရှိနေသည်။

ဇူဘီမန်ဒီသည် ပြီးခဲ့သည့်နှစ်က လီဗာပူးလ်အသင်း၏ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ ဆိုစီဒက်အသင်းတွင် ဆက်နေရန်သာ ဆုံးဖြတ်ခဲ့သည်။

အာဆင်နယ်အသင်းသို့ ဇူဘီမန်ဒီ ရောက်ရှိလာလျှင် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေသည့် ဂါနာကွင်းလယ်လူ ပါတေးအပေါ် မှီခိုအားထားနေရမှုအား လျှော့ချနိုင်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် တိုက်စစ်မှူးတစ်ဦး မဖြစ်မနေ ထပ်မံခေါ်ယူသွားရန်မှာလည်း သေချာသလောက်ရှိနေသည်။

လက်ရှိတွင် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်နှင့် လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်ရှကိုတို့မှာ အာဆင်နယ်အသင်းနှင့် အဓိကသတင်းထွက်နေပြီး အခြားပစ်မှတ်ကစားသမားများလည်း ရှိနေကြောင်း သိရသည်။

Most Read

Most Recent