■ ဂါနာချိုအား အသင်းဖော်များရှေ့တွင်ပင် ယခုနွေတွင် အသင်းသစ်ရှာတွေ့ပါစေဟု ဆုတောင်းရန် မန်ယူနည်းပြ အာမိုရင်မ် ပြောကြားခဲ့ကြောင်း Daily Mail ဖော်ပြ

■ ဂါနာချိုအား အသင်းဖော်များရှေ့တွင်ပင် ယခုနွေတွင် အသင်းသစ်ရှာတွေ့ပါစေဟု ဆုတောင်းရန် မန်ယူနည်းပြ အာမိုရင်မ် ပြောကြားခဲ့ကြောင်း Daily Mail ဖော်ပြ
Photo: Gettyimages
Photo: Gettyimages
Published 28 May 2025

မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်က အသင်းတောင်ပံတိုက်စစ်ကစားသမား ဂါနာချို အား အသင်းဖော်များအားလုံးရှေ့တွင်ပင် ယခုနွေ၌ အသင်းသစ်ရှာတွေ့ပါစေဟု ဆုုတောင်းထားရန် ပြောကြားခဲ့ပြီး အသင်းမှလူစာရင်းမှထုတ်ပယ်ခဲ့ကြောင်း Daily Mail  က ဖော်ပြခဲ့သည်။

အာမိုရင်မ်သည် မေလ(၂၄) ရက်(စနေနေ့)တွင် ကာရင်တန်လေ့ကျင့်ကွင်း၌ အသင်းကစားသမားများနှင့် Meeting ပြုလုပ်ခဲ့ပြီး အသင်းတွင် မပျော်မရွှင်ဖြစ်နေသည့် အာဂျင်တီးနားတောင်ပံတိုက်စစ်ကစားသမား ဂါနာချိုအား ယခုနွေတွင် အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Daily Mail  ၏ဖော်ပြချက်အရ အာမိုရင်မ်သည် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် ၎င်းကိုဝေဖန်ခဲ့သည့် ဂါနာချိုအား အလွန်ဒေါသထွက်နေပြီး ဇူလိုင်လဆန်းပိုင်းတွင် အသင်းနှင့်အတူ ရာသီကြိုလေ့ကျင့်မှုပြုလုပ်ရန်ထက် အသင်းသစ်ရှာတွေ့ရန်အတွက်သာ ဆုတောင်းထားရန် ဂါနာချိုအား ပြောကြားခဲ့ခြင်းဖြစ်သည်။

အာမိုရင်မ်က ဂါနာချိုအား ''မင်းအနေနဲ့ မင်းကိုခေါ်ယူမယ့်ကလပ်အသင်းရှိဖို့ ဆုတောင်းထားတာ ပိုကောင်းမယ်''ဟု အသင်းဖော်များအားလုံးရှေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

အသက် (၂၀) အရွယ်ရှိ ဂါနာချိုသည် ယခုရာသီတွင် မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၅၈) ပွဲအထိ ပါဝင်ကစားခဲ့သူဖြစ်သည်။

သို့သော် ၎င်းသည် စပါးအသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်သည့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ပွဲထွက်ခွင့်မရဘဲ လူစားဝင်အဖြစ် (၁၉)မိနစ်သာ ကစားခွင့်ရခဲ့ခြင်းနှင့်ပတ်သက်ပြီး နည်းပြ အာမိုရင်မ်အပေါ် လူသိရှင်ကြားဝေဖန်ခဲ့ခြင်း ဖြစ်သည်။

ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် ဂါနာချိုက ''ကျွန်တော်တို့ရာသီက အရမ်းဆိုးရွားတယ်။ လိဂ်မှာ ဘယ်အသင်းကိုမှ မနိုင်ဘူး။ ကျွန်တော်တို့  အရာရာချိုတဲ့ခဲ့တယ်။ ဗိုလ်လုပွဲမရောက်ခင်အထိ အဆင့်တိုင်းမှာ ကျွန်တော် ကစားခဲ့ရပေမဲ့ ဒီနေ့တော့ မိနစ်(၂၀)တောင်ပြည့်အောင် မကစားခဲ့ရဘူး''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အာမိုရင်မ်သည် ယင်းမှတ်ချက်ကို ဒေါသထွက်ပြီး ဂါနာချိုအား အသင်းသစ်ရှာဖွေရန် အသိပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဂါနာချိုအား ခေါ်ယူရန် နာပိုလီ၊ ချယ်လ်ဆီးနှင့် အက်သလက်တီကိုတို့က စိတ်ဝင်စားနေပြီး မန်ယူနိုက်တက်က ၎င်းအတွက် ပေါင်သန်း (၇၀)ဝန်းကျင် အလိုရှိနေကြောင်း သိရသည်။

Most Read

Most Recent