တရုတ်ကွန်မြူနစ်ပါတီနှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Jamaat-e-Islami ပါတီ၏ နိုင်ငံရေးအမြတ်ထုတ်လိုမှုအတွက် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့် ပြောဆိုချက်များအား လက်မခံကြောင်းနှင့် ရှုံ့ချကန့်ကွက်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။
တရုတ်ကွန်မြူနစ်ပါတီနှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Jamaat-e-Islami ပါတီ၏ ရခိုင်ပြည်နယ်ကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုရန်၊ ရခိုင်ပြည်နယ်ထဲတွင်ရှိသည့် မွတ်ဆလင်များကို သီးခြားလွတ်လပ်သည့် ပြည်နယ်တစ်ခုသတ်မှတ်ပေးရန် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား တိုက်တွန်းပေးရန် ပြောကြားခဲ့ကြောင်း သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ သတင်းဌာနတစ်ခု၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ထည့်သွင်းပြောကြားထားခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ဧပြီ ၂၇ ရက်က ဒါကာမြို့ရှိ Hotel Westin တွင် Jamaat-e-Islami ပါတီ ဗဟို ကော်မတီအဖွဲ့ဝင် Dr. Syed Abdullah Muhammad Taher ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တရုတ်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိခိုက်စေသည့် ဆွေးနွေးတောင်းဆိုမှုများပါရှိသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ ဘင်္ဂါလီဒုက္ခသည် ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်သည့် သဘောထားရပ်တည်ချက်များကို အစဉ်သဖြင့် ပြောကြားထားပြီးဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံပြီး လက်ခံရေးကိစ္စများ၊ ပြန်လည်ထောက်ပံ့ရေးကိစ္စများကို ပုံမှန်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပဋိပက္ခများဖြစ်ပွားချိန်မှ ရပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် ဘင်္ဂါလီဒုက္ခသည်များကို စာရင်းတိုက်ဆိုင်စိစစ်ပြီး ပြန်လည်လက်ခံမည်ဆိုသည့် အခြေခံ မူဝါဒရှိပြီး ဖြစ်သကဲ့သို့ ဒုက္ခသည်များပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန်အတွက် လုံလောက်သည့် အဆောက်အအုံများကိုလည်း တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပြီးဖြစ်သည်ကို နိုင်ငံ တကာသံတမန်များသို့လည်း ရှင်းလင်းပြသပြီးဖြစ်ကြောင်း၊ Jamaat-e-Islami ပါတီသည် နိုင်ငံရေး အမြတ်ထုတ်လိုမှုအတွက် တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့မှုများသည် မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့် ပြောဆိုချက်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်းနှင့် ရှုံ့ချကန့်ကွက်ပါကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။
Jamaat-e-Islami ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်ဘာသာရေးအခြေခံ နိုင်ငံရေး ပါတီတစ်ခုဖြစ်ပြီး ယခင်အစိုးရလက်ထက်တွင် ပါတီကိုတရားစွဲဆိုခံရပြီး ၂၀၁၄ ခုနှစ်မှစ၍ ရွေးကောက်ပွဲဝင်ခွင့်မရခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခု ကြားဖြတ်အစိုးရလက်ထက် ၂၀၂၄ခုနှစ် ဩဂုတ်လအတွင်းက ၎င်းပါတီအပေါ် စွပ်စွဲထားမှုများအား ရုတ်သိမ်းပေးခဲ့သည်ကို တွေ့ ရှိရကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။















