လူသားချင်းစာနာထောက်ထားရေး ခရီးစဉ်အဖြစ် မလေးရှားနှင့်ထိုင်းတို့မှ နိုင်ငံခြားရေးဝန်ကြီးတို့ ဧပြီ ၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

လူသားချင်းစာနာထောက်ထားရေး ခရီးစဉ်အဖြစ် မလေးရှားနှင့်ထိုင်းတို့မှ နိုင်ငံခြားရေးဝန်ကြီးတို့ ဧပြီ ၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်
Published 30 March 2025

မတ်လ ၂၈ ရက်က အင်အားပြင်းမြေငလျင်ကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားရေးခရီးစဉ်အဖြစ် ဧပြီလ ၅ ရက်တွင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟက်ဆန် လာရောက်မည်ဖြစ်သည်။ ၎င်းနှင့်အတူ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ကီ ယမ်ဖွန်ဆာလည်း လိုက်ပါလာမည်ဟု Bernama  သတင်းတစ်ရပ်က ဖော်ပြထားသည်။

မြန်မာနှင့်ထိုင်းနှစ်နိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုနှင့်စပ်လျဉ်းပြီး မတ်လ ၃၀ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ် အစည်းအဝေးကို ကျင်းပပြီးနောက် ထုတ်ပြန်သည့် ပူးတွဲထုတ်ပြန်ချက်တွင် ယင်းခရီးစဉ်အကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

Video Conference ဖြင့်ပြုလုပ်သည့် ယင်းအစည်းအဝေးတွင် အာဆီယံအလှည့်ကျ ဥက္ကဌနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ပူးတွဲပြီး မြန်မာခရီးစဉ်ကိုဦးဆောင်ရန် နိုင်ငံခြားရေးဝန်ကြီးများက သဘောတူခဲ့ကြသည်။ အစည်းအဝေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သို့မဟုတ် ၎င်းတို့ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး  အာဆီယံအတွင်းရေးမှူးချုပ် Dr Kao Kim Hourn နှင့် အရှေ့တီမောနိုင်ငံခြားရေးဝန်ကြီးတို့လည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်က ဦးစားပေးအခြေအနေပေါ် မူတည်ပြီး ကူညီကယ်ဆယ်ရေးများအတွက် အာဆီယံက မြန်မာ၊ ထိုင်းတို့နှင့် အနီးကပ်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ယခုကဲ့သို့အခက်အခဲကြုံနေချိန် အတူတကွ ရပ်တည်ဖေးမပေးရန် အာဆီယံက နိုင်ငံတကာမိတ်ဖက်များနှင့် ကမ္ဘာ့အသိုင်းအဝိုင်းကို တိုက်တွန်းရမည်ဖြစ်ကြောင်း၊ မည်သည့်ပုံစံဖြင့်မဆို အကူအညီအားလုံးကို ကြိုဆိုပါကြောင်း ၊ ကူညီထောက်ပံ့မှုများ ထိရောက်စွာရောက်ရှိရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သက်ဆိုင်ရာအာဆီယံအသင်းအဖွဲ့များ - ဥပမာ လူသားချင်းစာနာကူညီရေးဆိုင်ရာ အာဆီယံညှိနှိုင်းဆောင်ရွက်ရေးစင်တာ AHA Centre နှင့် အနီးကပ်ချိတ်ဆက်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင်မစ္စတာမိုဟာမက်က  မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းအားလုံး အတူစည်းလုံးစွာ လက်တွဲပြီး နိုင်ငံပြန်လည် ထူထောင်ရေးနှင့်တည်ဆောက်ရေးကို အာရုံစိုက်ကြရန် ၊ မလေးရှားအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းကာ တည်ငြိမ်အေးချမ်းကြွယ်ဝသည့် မြန်မာနိုင်ငံဆီသို့ တက်လှမ်းကြရန်တောင်းဆိုခဲ့ပြီး အာဆီယံမိသားစုက ယခုဒုက္ခများ အဆုံးသတ်သည်အထိ မြန်မာနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း အားပေးစကားဆိုခဲ့သည်။

Photo - Bernama

Most Read

Most Recent