မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီး မီးလောင်ခဲ့ခြင်းနှင့်အတူ မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့မှ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ မီးလောင်ပျက်စီးခဲ့ဟုဆို

မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီး မီးလောင်ခဲ့ခြင်းနှင့်အတူ မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့မှ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ မီးလောင်ပျက်စီးခဲ့ဟုဆို
Published 29 March 2025

မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီး မီးလောင်ခဲ့ခြင်းနှင့်အတူ မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့မှ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မတ် ၂၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၌ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အများအပြားဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ဖြစ်ပေါ်ခဲ့ရာတွင် မန္တလေးတက္ကသိုလ် ပင်မဆောင်သည်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင်ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် တို့သည် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့သည့်အချိန်သည် စာစစ်လုပ်ငန်းများ လုပ်ဆောင်နေသည့်အချိန်ဖြစ်ပြီး စာစစ်လုပ်ငန်းဆောင်ရွက်နေသူ ဆရာ၊ ဆရာမ ၂၆၇ ဦးခန့်သည် စာစစ်လုပ်ငန်းများ(Code လုပ်ငန်းဆောင်ရွက်နေချိန်)၌ ပြင်းထန်ငလျင် ဖြစ်ပေါ်ခဲ့သဖြင့် ပင်မဆောင်အောက်သို့ ပြေးထွက်တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

ထို့နောက် ငလျင်လှုပ်ခတ်မှုမှ နောက်ဆက်တွဲမီးလောင်မှုများဖြစ်ပေါ်ခဲ့စဉ် မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးတစ်ခုလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရမှုနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများသည်လည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ပျက်စီးဆုံးရှုံးမှုများအား အလျင်အမြန် စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောလျင်စွာ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent