အင်အားပြင်းငလျင်ကြောင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ထိခိုက်ပျက်စီးမှုများ ရှိ

အင်အားပြင်းငလျင်ကြောင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ထိခိုက်ပျက်စီးမှုများ ရှိ
Published 28 March 2025

စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

အင်အားပြင်းငလျင်ကြောင့် မန္တလေးလေဆိပ်အဆောက်အအုံအတွင်းပိုင်းရှိ မျက်နှာကျက်များ ပြိုကျခြင်း၊ အအောက်အအုံထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ငလျင်လှုပ်နေစဉ်အတွင်း လေယာဉ်စီးခရီးသည်များ လေဆိပ်အဆောက်အအုံမှ ဝေးရာသို့ ထွက်ပြေးရပြီး ဘေးကင်းလုံခြုံရေးအတွက် လေယာဉ်ပြေးလမ်းအနီးတွင် စုရပ်၍ စောင့်ဆိုင်းမှုများ ရှိခဲ့ပြီး လေယာဉ်ခရီးစဉ်များလည်း ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ကနဦး စုံစမ်းသိရှိရသော သတင်းများအရ နေပြည်တော်လေဆိပ်ရှိ တာဝါတိုင် ပြိုကျမှု ရှိခဲ့ပြီး လေကြောင်းထိန်းဝန်ထမ်းအချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

အသေးစိတ် သတင်းအတည်ပြုချက် ရရှိနိုင်ရန် Eleven Media Group အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး သတင်းများ အသေးစိတ်ထပ်မံသိရှိရပါက ဆက်လက်ဖော်ပြပေးမည်ဖြစ်ပါသည်။  

Most Read

Most Recent