အမေရိကန်တွင် ထုတ်လုပ်ခြင်းမရှိသောကားများနှင့် ကားပစ္စည်းများကို ဧပြီ ၂ ရက်မှစ၍ သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဟု သမ္မတဒေါ်နယ်ထရန့် ကြေညာ

အမေရိကန်တွင် ထုတ်လုပ်ခြင်းမရှိသောကားများနှင့် ကားပစ္စည်းများကို ဧပြီ ၂ ရက်မှစ၍ သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဟု သမ္မတဒေါ်နယ်ထရန့် ကြေညာ
ပြည်ပမှတင်သွင်းသော ကားများနှင့်ကားပစ္စည်းများကို အခွန်ကောက်မည့်အမိန့်အား လက်မှတ်ရေးထိုးထားပုံကို မတ်လ ၂၆ ရက်တွင် သမ္မတဒေါ်နယ်ထရန့်က ပြသနေပုံကို တွေ့ရစဉ်(Photo: AFP)
ပြည်ပမှတင်သွင်းသော ကားများနှင့်ကားပစ္စည်းများကို အခွန်ကောက်မည့်အမိန့်အား လက်မှတ်ရေးထိုးထားပုံကို မတ်လ ၂၆ ရက်တွင် သမ္မတဒေါ်နယ်ထရန့်က ပြသနေပုံကို တွေ့ရစဉ်(Photo: AFP)
Published 27 March 2025

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သွင်းကုန်မော်တော်ကားများနှင့်ကားပစ္စည်း အစိတ်အပိုင်းများကို များပြားသော သွင်းကုန်ခွန်စည်းကြပ်မည်ဟု ကြေညာလိုက်သောကြောင့် ကုန်သွယ်ဖက်နိုင်ငံများက လက်တုံ့ ပြန်မှုဟုသောခြိမ်းခြောက်ပြောဆိုမှုများရှိလာခဲ့သည်။

မတ်လ ၂၆ ရက် မွန်းလွဲပိုင်း ထရန့် ထုတ်ပြန်ချက်ထွက်မလာမီ ဝေါစထရိ၌ စတော့စျေးများ ထိုးကျခဲ့သည်။ ကမ္ဘာ့ရောင်းအားအကောင်းဆုံး တိုယိုတာ၏အစုရှယ်ယာစျေးသည် သုံးရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။

ဂျပန်က တန်ပြန်အစီအမံအားလုံးကို စဉ်းစားသုံးသပ်နေသည်ဟု ဂျပန်ဝန်ကြီးချုပ် ရှီဂဲယူအီရှီဘာက ပြောကြားခဲ့သည်။ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးကလည်း ထရန့်၏သွင်းကုန်စည်းကြပ်ခွန်သည် ကနေဒါ၏အလုပ်သမားများကို တိုက်ရိုက်တိုက်ခိုက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘရာဇီးသမ္မတလူးဝစစ်အင်နာစီယို ဒါဆေးလ်ကလည်း ၎င်း၏နိုင်ငံသည် အဆိုပါအခွန်စည်းကြပ်မှုများကို တုံ့ပြန်ရာတွင် ငြိမ်ငြိမ်ရပ်နေမည်မဟုတ်ဟု ပြောကြားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုမှာ ထုတ်လုပ်ခြင်းမရှိတဲ့ ကားအားလုံးကို သွင်းကုန်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်သွားမှာဖြစ်ပါတယ်”ဟု သမ္မတရုံးခန်းတွင် အထက်ပါအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ထရန့်က ပြောကြားခဲ့သည်။

အခွန်စည်းကြပ်မှုသည် ဧပြီ ၃ ရက် နံနက် ၁၂ နာရီ ၀၁ မိနစ်တွင် စတင်သက်ရောက်မည်ဖြစ်ပြီး ပြည်ပတွင် ထုတ်လုပ်သောကားများနှင့် Light truck ကားများအပေါ် သက်ရောက်မည်ဖြစ်သည်။ မော်တော်ကား ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်သောကုမ္ပဏီများသည်လည်း တစ်လအတွင်း ထိခိုက်လိမ့်မည်ဖြစ်သည်။

ကနေဒါနှင့်ဥရောပသမဂ္ဂ(အီးယူ)တို့က အမေရိကန်ပြည်ထောင်စုကို စီးပွားရေးပိုင်းတွင် ထိခိုက်စေရန် ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက ကနေဒါနှင့်အီးယူတို့ကို လက်ရှိထက်ပိုများသောသွင်းကုန်စည်းကြပ်ခွန်များ ကောက်ခံသွားမည်ဟုထရန့်က ခြိမ်းခြောက်ခဲ့သည်။

ကုန်သွယ်ရေးနှင့်ကုန်ထုတ်လုပ်ရေးအတွက်ထရန့်၏အကြီးတန်းအကြံပေး ပီတာနာဗာရိုက ထရန့်၏ကြေညာချက်ထွက်လာပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။ ပြည်ပပစ္စည်းကိရိယာအစိတ်အပိုင်းများအတွက် အမေရိက၏ကုန်ထုတ်လုပ်ရေးကဏ္ဍကို လုပ်ခလစာနည်းသော ပစ္စည်းတပ်ဆင်ရေးလုပ်ငန်းအဖြစ် ပြောင်းလဲခဲ့သူများအား ပြည်ပကုန်သွယ်ရေး လူလိမ်လူညာများဟု ပီတာနာဗာရိုက ဝေဖန်ခဲ့သည်။

တန်ဖိုးမြှင့်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းကို ၎င်းတို့၏နိုင်ငံများတွင်သာ သီးသန့်လုပ်ဆောင်သော ဂျာမနီနှင့် ဂျပန်တို့ကိုသူကဝေဖန်လိုက်ခြင်းဖြစ်သည်။

အမေရိကန်၏သွင်းကုန်အခွန်စည်းကြပ်မှုများကသမ္မတဒေါ်နယ်ထရန့်၏ မိတ်ဆွေတက်ဆလာပိုင်ရှင် အီလွန်မက်စ်အပါအဝင် အမေရိကန်ပြည်တွင်းလုပ်ငန်းရှင်များကို အံ့အားသင့်စေခဲ့သည်။ တက်ဆလာကားများ အပေါ်သက်ရောက်မှု ကုန်ကျစရိတ်က သေးသေးဖွဲဖွဲမဟုတ်ဟု အီလွန်မက်စ်က ပြောကြားခဲ့ပြီး အခြားနိုင်ငံများမှလာသော တက်ဆလာကား ပစ္စည်းများ၏စျေးများကို သက်ရောက်မည်ဟုဆိုသည်။               Ref: AFP

Most Read

Most Recent