အမေရိကန်က ပြည်ဝင်ခွင့်တင်းကျပ်ဖွယ်ရှိသည့် ၄၃ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်

အမေရိကန်က ပြည်ဝင်ခွင့်တင်းကျပ်ဖွယ်ရှိသည့် ၄၃ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်
Published 15 March 2025

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြစ်သည့် ပြည်ဝင်ခွင့်တင်းကျပ်ဖွယ်ရှိသည့် နိုင်ငံပေါင်း ၄၃ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်နေသည်ဟု  The New York Times သတင်းတွင် ဖော်ပြထားသည်။

မူကြမ်းရေးဆွဲထားသည့် ပြည်ဝင်ခွင့်တင်းကျပ်မည့် နိုင်ငံများစာရင်းတွင် အနီရောင်၊ လိမ္မော်ရောင်နှင့် အဝါရောင် ဟူ၍ အမျိုးအစား ၃ မျိုးခွဲခြားသတ်မှတ်ထားသည်ဟုဆိုသည်။

အနီရောင်စာရင်းတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်ပြီး ထိုနိုင်ငံများမှ နိုင်ငံသားများသည် အမေရိကန်ကို ဝင်ခွင့် အလုံးစုံတားမြစ်ပိတ်ပင်ခံရမည်ဖြစ်သည်။

အနီရောင်စာရင်းတွင် ပါဝင်သည့်နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ ဘူတန်၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား၊ ဗင်နီဇွဲလားနှင့် ယီမင်နိုင်ငံတို့ဖြစ်သည်။

လိမ္မော်ရောင်စာရင်းတွင် နိုင်ငံပေါင်း ၁၀ နိုင်ငံပါဝင်ပြီး ထိုနိုင်ငံများမှ နိုင်ငံသားများသည် အမေရိကန်သို့ ပြည်ဝင်ခွင့် အလွန်အမင်းတင်းကျပ်ခံရမည်ဖြစ်သည်။

လိမ္မော်ရောင်စာရင်းတွင် ပါဝင်သည့်နိုင်ငံများမှာ ဘီလာရုစ်၊ အီရစ်ထရီးယား၊ ဟေတီ၊ လာအို၊ မြန်မာ၊ ပါကစ္စတန်၊ ရုရှား၊ ဆီရာလီယွန်၊ တောင်ဆူဒန်၊ တာ့ခ်မင်နစ္စတန် နိုင်ငံတို့ဖြစ်သည်။

ထိုနိုင်ငံများမှ ချမ်းသာကြွယ်၀သည့် စီးပွားရေးလုပ်ငန်းရှင်များသည် ပြည်ဝင်ခွင့်ရရှိမည်ဖြစ်ပြီး လူဝင်မှုနှင့် ခရီးသွားဗီဇာများကို လျှောက်ထားမည့် ထိုနိုင်ငံများမှ နိုင်ငံသားများ၏ ဗီဇာများသည် ပိတ်ပင်ခံရဖွယ်ရှိသည်။

အဝါရောင်စာရင်းတွင်မူ နိုင်ငံပေါင်း ၂၂ နိုင်ငံ ပါဝင်ပြီး ထိုနိုင်ငံများမှ နိုင်ငံသားများအနေဖြင့် အနေဖြင့် သတ်မှတ်ထားသည့် အချက်အလက်များကို ကိုက်ညီမှုရှိစေရန် ရက်ပေါင်း ၆၀ အတွင်း တင်ပြရမည်ဖြစ်သည်။

အဝါရောင်စာရင်းတွင်ပါဝင်သည့်နိုင်ငံများမှာ အန်ဂိုလာ၊ အန်တီဂွာနှင့် ဘာဘူဒါ၊ ဘီနင်၊ ဘာကီနာဖာဆို၊ ကမ္ဘောဒီးယား၊ ကင်မရွန်း၊ ကိပ်ဗာဒီ၊ ချဒ်၊ ကွန်ဂို၊ ဒီအာ ကွန်ဂို၊ ဒိုမီနီကာ၊ အီကွေတိုရီယယ် ဂီနီ၊ ဂမ်ဘီယာ၊ လိုက်ဘေးရီးယား၊ မာလာဝီ၊ မာလီ၊ မော်ရီတေးနီးယား၊ စိန့်ကစ် နှင့် နီဗစ်၊ စိန့်လူစီယာ၊ ဆော်တိုမီနှင့် ပရင်စီပီ၊ ဗန်နူအာတူနှင့် ဇင်ဘာဘွေနိုင်ငံတို့ဖြစ်သည်။

Most Read

Most Recent