
ယီမင်၏ အီရန်ကျောထောက်ခံပေးထားသော ဟူရ်သီသူပုန်များက အမေရိကန်လေယာဉ်တင် သင်္ဘောပါသော သင်္ဘောအုပ်စုကို ၂၄ နာရီအတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု မတ်လ ၁၇ ရက်တွင် ပြောကြားခဲ့ပြီး ယင်း တိုက်ခိုက်မှုများသည် ပြင်းထန်သောအမေရိကန် တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဟူရ်သီက အမေရိကန်လေယာဉ်တင် သင်္ဘောယူအက်စ်အက်စ်ဟယ်ရီ ထရူးမင်း နှင့်အတူပါလာသော စစ်သင်္ဘောများကို ဒုံးကျည် ၁၈ စင်း၊ ဒရုန်းတစ်စင်းတို့ဖြင့် ပင်လယ်နီတွင် တိုက်ခိုက်ခဲ့သည်ဟု ကနဦးတွင် ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယအကြိမ် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်ဟု နာရီပိုင်းအကြာတွင် ဟူရ်သီက ပြောကြားခဲ့သည်။
ဟူရ်သီဘက်က တိုက်ခိုက်သည်ဆိုခြင်းကို အမေရိကန်က ချက်ချင်းဖြေကြားခြင်းမရှိပေ။
လေယာဉ်တင်သင်္ဘောပါဝင်သော စစ်သင်္ဘောအုပ်စုကို တိုက်ခိုက်မှုများသည် မိမိတို့၏နိုင်ငံကို အမေရိကန်၏ ဆက်တိုက်ကျူးကျော်မှုအား လက်တုံ့ပြန်မှုဖြစ်သည်ဟု မတ် လ ၁၇ ရက်တွင် ပို့စ်တင်ခဲ့သော ထုတ်ပြန်ချက် တွင် ဟူရ်သီပြောရေး ဆိုခွင့်ရှိသူက ဖော်ပြခဲ့သည်။
ဟူရ်သီသူပုန်တို့က ပင်လယ်နီရေလမ်းကြောင်းတွင် တိုက်ခိုက်မှုများ မရပ်မချင်း ယီမင်ကို ဆက်လက်တိုက်ခိုက်မည်ဟု ၀ါရှင်တန်က ပြောကြားထားပြီး သမ္မတဒေါ်နယ်ထရန့်ကလည်း ဟူရ်သီသူပုန်တို့ကို အလွန်ပြင်းထန်သော အင်အားအသုံးပြုသွားမည်ဟု သတိပေးထားသည်။
အမေရိကန်၏ ဟူရ်သီသူပုန်တို့ကို တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၁ ဦး သေဆုံးသွားခဲ့သည်ဟု မတ်လ ၁၆ ရက်တွင် ဟူရ်သီသူပုန်အဖွဲ့က ပြောကြားခဲ့သည်။
ယခု တိုက်ခိုက်မှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အာဏာရလာခဲ့ပြီးနောက်ပိုင်း ဟူရ်သီသူပုန်တို့ကို ပထမဦးဆုံး တိုက်ခိုက်ခြင်းလည်းဖြစ်ပြီး အီရန်အနေဖြင့် ဟူရ်သီသူပုန်တို့ကို ထောက်ပံ့နေခြင်းအား ရပ်ဆိုင်း ရန် အမေရိကန်က သတိပေးခဲ့သည်။
ပြင်းထန်သည့် တိုက်ခိုက်မှုများအတွင်း သေဆုံးသွားသူများထဲတွင် ကလေးများ ပါဝင်သည်ဟု ဂါဇာစစ်ပွဲတစ်လျောက်လုံး အစ္စရေးကိုလည်းကောင်း၊ ပင်လယ်နီရေ လမ်းကြောင်းကိုလည်းကောင်း တိုက်ခိုက်ခဲ့သောဟူရ်သီက ပြောကြားခဲ့သည်။
ဆာနား၊ဆာဒါး၊အယ်ဘေဒါ၊ရာဒါတို့ တိုက်ခိုက်ခံရပြီး သေဆုံးသူ အနည်းဆုံး ၃၁ ဦးရှိသည်ဟု ဟူရ်သီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ၁၀၁ ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြခဲ့သည်။
သူပုန်ထိန်းချုပ်ထားသော ဆာနားမြို့၏ လူနေရပ်ကွက်တွင် ပေါက်ကွဲမှုသုံးကြိမ် ဖြစ်ပွားသည်ကို ကြားရကြောင်း ယင်းမြို့တွင်ရှိနေသည့် အေအက်ဖ်ပီဓာတ်ပုံသတင်းထောက်က ပြောကြားခဲ့ပြီး မီးခိုးများထွက် လာသည်ကိုလည်း မြင်ရသည်ဟု ဆိုသည်။
ဟူရ်သီ၏ အမာခံနယ်မြေဖြစ်သော ယီမင်မြောက်ပိုင်းဆားဒါဒေသတွင်လည်း တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။
“အရပ်သားကိုးဦး သေဆုံးခဲ့ပြီးတခြား လူကိုးဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူ အများစုကတော့ ဒဏ်ရာပြင်းထန်ကြပါတယ်”ဟု ဟူရ်သီကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ယင်းထုတ် ပြန်ချက်ကို ဟူရ်သီ၏ဆာဘားသတင်းဌာနက ဖော်ပြခဲ့သည်။ မြို့တော်ဆာနားသည် လည်းတိုက်ခိုက်ခံ ရသည်ဟု ဖော်ပြခဲ့သည်။
ဆာဒါးဒေသကို တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၁၀ ဦးသေဆုံးသွားခဲ့ပြီး အခြားလူများ ဒဏ်ရခဲ့သည်ဟု ဟူရ်သီအန် ဆာရိုလာဝက်ဆိုက်က ဖော်ပြခဲ့သည်။
ယင်းတိုက်ခိုက်မှုကို အမေရိကန်-ဗြိတိန်ကျူးကျော်မှုဟု ရှုတ်ချခဲ့ပြီး ၀ါရှင်တန်၏ ဥပဒေချိုးဖောက်သော ရက်စက်မှုဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ဆာဒါး၏ အယ်ရှာအက်ဖ်ခရိုင်က အိမ်ကို သီးခြားတိုက်ခိုက်မှုအတွင်း နှစ်ဦးသေဆုံးခဲ့သည်ဟု အန်ဆာရိုလာဝက်ဆိုက်က ဖော်ပြခဲ့သည်။ လေယာဉ်တင်သင်္ဘောပေါ်မှ ပျံတက်လာသော တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
Ref:AFP