ကချင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီတွင် ဧရာဝတီမြစ်အတွင်း စံချိန်တင်ရေကြီးခဲ့ပြီး နှုန်းမြေများ တင်ကျန်ခဲ့သော်လည်းစိုက်ပျိုးခင်းများ ဖြစ်ထွန်းမှု မရှိခဲ့ကြောင်း ဒေသခံ တောင်သူများက ဆိုသည်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဝိုင်းမော်၊ခတ်ချို၊မြစ်ကြီးနား၊မိုင်းမော၊တာလောကြီး၊ရွာသစ်၊ခေါင်ဖူး ၊စံကင်း စသည့် ဒေသများတွင် နှုန်းတင်မြေနုကျွန်းများမှာ မြေသားထုများ တင်ကျန်ခဲ့သော်လည်း ဖြစ်ထွန်းမှုနည်းပါးကြောင်း ဒေသခံ တောင်သူများက ဆိုသည်။
တာလောကြီးဒေသခံ တစ်ဦးက '' လယ်လုပ်၊အခင်းလုပ်တဲ့ သူလည်း လျှော့သွားတယ်။ လုပ်အားမလောက်လို့။လုပ်တဲ့သူကျတော့ နှုန်းထုက တစ်ပေနီးပါးလောက်တက်တော့ ရေပြတ်ပြီး အပင်မကောင်းဘူး။ကျန်သိန်း ငါးဆယ်ကုန် က သိန်း ၂၀ လောက်ပဲ ပြန်ရတယ်။ဒေသအခေါ်တော့ နှုန်းနဲ့ မူလ မြေကြီးနှင့် မဆက်ဘူးလို့ ယူဆချက်ရှိတယ်။ကြည့်ရတာကတော့ နှုန်းတွေက ကြမ်းနေတယ်။ကျတဲ့နှုန်းတွေက ပုံမှန် နှုန်းတွေလို သစ်ဆွေးမြေ၊အပေါ်ယံမြေတွေ မဟုတ်ပဲ ရွှေကျင်တွေ မြေစာတွေက မျှောလာတဲ့ သဘောပါပဲ''ဟု ဆိုသည်။
မြစ်ကြီးနားမြို့၊မြစ်ကမ်းဘေးတွင် စိုက်ပျိုးရေး လုပ်နေတဲ့ တစ်ဦးက '' ခြံထဲမှာလည်း နှုန်းက နှစ်ပေလောက်တက်တယ်။နှုန်းကြမ်းတွေဖြစ်နေတာ။စိုက်တော့ အားရပါးရ စိုက်ကြတာ။အပင်တွေက တစ်လကျော်တော့ ခြောက်ပြီးသေကုန်တယ်။မသေတဲ့ အပင်တွေလည်း မကြီးဘူး''ဟု ဆိုသည်။
ကချင်ပြည်နယ်၊ မြို့နယ် စိုက်ပျိုးရေးဌာနတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးကနှုန်းတင်မြေနု များလွန်းခြင်း၊ နှုန်းမြေ မဟုတ်သည့် မြေကြီးနှင့်သဲများ များလွန်းခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
'' နှုန်းတင်မြေနုလို့တော့ လုံးလုံးလျာလျား သတ်မှတ်လို့ ရတဲ့ အခြေအနေဟုတ်တော့ဘူး။ ရေခဲတောင်ခြေရင်းမြစ်ဖျားတွေက ရွှေတွေ၊သတ္တုတွေ အဆမတန် တူးနေတဲ့ အခြေအနေဖြစ်နေတာလေ။အခုနွေရာသီတောင် ဧရာဝတီမြစ်ရေက နောက်ကျိနေတာကို ''ဟု သုံးသပ်သည်။
မြစ်ကြီးနားမြို့တွင် ဇွန်လ ၃၀ ရက် ညနေပိုင်းတွင် စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာကို ရောက်ရှိခဲ့ပြီးနောက် ဇူလိုင် ၁ ရက် ညသန်းခေါင်ကျော် အချိန်တွင် ၁၄၀၆ စင်တီမီတာ အထိ မြင့်တက်ခဲ့သည်။
ဧရာဝတီမြစ်ရေသည် ၂၀၀၄ ခုနှစ်တွင် ၁၄၀၇ စင်တီမီတာသိုလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ၁၄၁၁ စင်တီမီတာသို့လည်းကောင်း၊ ၁၉၇၉ ခုနှစ်တွင် ၁၄၁၃ စင်တီမီတာသို့လည်းကောင်း ရောက်ရှိခဲ့သည်။















