PJ နှင့် OWIC ကတ် လက်ဝယ်ရှိနေသူများ ပြည်ပသို့ ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့ လျှောက်လွှာတင်ကာ ခွင့်ပြုချက် ယူရမည်

PJ နှင့် OWIC ကတ် လက်ဝယ်ရှိနေသူများ ပြည်ပသို့ ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့ လျှောက်လွှာတင်ကာ ခွင့်ပြုချက် ယူရမည်
Published 11 March 2025

PJ နှင့် OWIC ကတ် လက်ဝယ်ရှိနေသူများ ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့ လျှောက်လွှာတင်ကာ ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း မတ် ၁၁ ရက်တွင် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် PJ နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) လက်ဝယ်ရှိနေသူများသည် အေဂျင်စီအစီအစဉ်ဖြင့်သော်လည်းကောင်း၊ မိမိအစီအစဉ် (ကျွမ်းကျင်) ဖြင့်သော်လည်းကောင်း၊ ခွင့်ပြန်လာသဖြင့် ခွင့်ရက်စေ့ကာ ပြန်လိုခြင်းကြောင့်သော်လည်းကောင်း ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့ အောက်ပါစာရွက်စာတမ်းများနှင့်အတူ Online မှတစ်ဆင့် လျှောက်ထားကာ (လူကိုယ်တိုင်လာရောက်ခြင်း မပြုရန်) ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ကို ရယူရမည်ဖြစ်ကြောင်း ပါရှိသည်။

ယင်းစာရွက်စာတမ်းများမှာ (က) အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ လိပ်မူ၍ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက် ကိုရယူရန် လျှောက်ထားသည့်စာ၊ (ခ) နိုင်ငံကူးလက်မှတ်မိတ္တူ (ဓာတ်ပုံပါစာမျက်နှာနှင့် နေထိုင် ခွင့်သက်တမ်း စာမျက်နှာ)၊ (ဂ) သက်တမ်းရှိနေသည့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရှေ့/နောက် မိတ္တူ၊ (ဃ) ခွင့်ပြန်အလုပ်သမားများဖြစ်ပါက သက်တမ်းရှိနေသည့် အလုပ်လုပ်ခွင့်ပါမစ်မိတ္တူနှင့် အလုပ်ရှင်မှ ခွင့်ဖြင့်နေရပ်သို့ ပြန်ရန်ခွင့်ပြုသည့် ခွင့်စာ၊ (င) အေဂျင်စီများအနေဖြင့် ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်ရန်အတွက် တင်ပြရာတွင် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်နေသည့် သက်ဆိုင်ရာ Email များသို့ တင်ပြရန်၊ (စ) မိမိအစီအစဉ်ဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင် ရန်အတွက် တင်ပြရာတွင် သတ်မှတ်အထောက်အထား များနှင့်အတူ migrantdeparture@gmail.com သို့ ပေးပို့လျှောက်ထားရန်၊ (ဆ) အနည်းဆုံး ရုံးပိတ်ရက် (မပါ) ၅ ရက်ကြိုတင်၍ လျှောက်ထားရန်တို့ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် စိစစ်ပြီးနောက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုသည့်စာရင်းများကို Safe Migration Telegram Channel တွင် ကြေညာပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ လေဆိပ်များသို့လည်း ပေးပို့ထားမည်ဖြစ်ကြောင်း၊ ယခုအသိပေးကြေညာချက်ပါ လုပ်ငန်းစဉ်အား ၂၀၂၅ ခုနှစ် မတ် ၁၇ ရက် (တနင်္လာနေ့) တွင် စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent