
တရုတ်၏ AI နည်းပညာလုပ်ငန်းရှင်များနှင့် သုတေသနပညာရှင်များအား အမေရိကန်သို့ ခရီးသွားခြင်းမှ ရှောင်ရားရန် တရုတ်အာဏာပိုင်များက ညွှန်ကြားထားကြောင့် ဝေါစထရိဂျာနယ် (WSJ) က ထိုအကြောင်း အရာနှင့်နီးစပ်သည့် လူပုဂ္ဂိုလ်များ၏ ပြောကြားချက်ကို ကိုးကားပြီး ဖေဖော်ဝါရီ ၂၈ ရက်က ဖော်ပြခဲ့သည်။
တရုတ်၏ AI နည်းပညာ ကျွမ်းကျင်သူများသည် ပြည်ပနိုင်ငံများသို့ ခရီးသွားချိန်တွင် တရုတ်နိုင်ငံ၏ AI ကဏ္ဍနှင့်ပတ်သက်သည့် လျှို့ဝှက်အချက်အလက်များ ပေါက်ကြားသွားမည့်အရေးကို တရုတ်အာဏာပိုင်များက စိုးရိမ်နေကြောင်း WSJ က ဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်၏ AI နည်းပညာလုပ်ငန်းရှင်များကို ဖမ်းဆီးထိန်းသိမ်းပြီး အမေရိကန်-တရုတ် ဆွေးနွေးညှိနှိုင်းမှုများတွင် အမေရိကန်ဘက်က ၎င်းတို့ဖမ်းဆီးထားသည့် တရုတ်ပညာရှင်များကို အနိုင်ဖဲချပ်များအဖြစ် အသုံးချမည့်အရေးကိုလည်း တရုတ်အာဏာပိုင်များက စိုးရိမ်နေကြသည်ဟု WSJ က ဖော်ပြခဲ့သည်။
ဥပမာအားဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပထမသက်တမ်းကာလအတွင်း အမေရိကန်၏ တောင်းဆိုချက်ဖြင့် ဟွာဝေး အလုပ်အမှုဆောင်ချုပ်ကို ကနေဒါက ဖမ်းဆီးခဲ့သည့်ဖြစ်ရပ်နှင့် အလားသဏ္ဍန်တူသည့် ဖြစ်ရပ်များ ရှိလာနိုင်မည်ကို တရုတ်က စိုးရိမ်နေသည်ဟု ဆိုသည်။
WSJ ၏သတင်းဖော်ပြချက်နှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနက အိမ်ဖြူတော်နှင့် တရုတ်နိုင်ငံတော်ကောင်စီသတင်း ပြန်ကြားရေးရုံးတို့ကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း တုံ့ပြန်မှုများမရခဲ့ပေ။တရုတ်၏ AI နည်းပညာနှင့် စက်ရုပ်တည်ဆောက်ရေးကဲ့သို့ အခြားမဟာဗျူဟာ မြောက် အကဲဆတ်သည့် လုပ်ငန်းများတွင် ဦးဆောင်နေသည့် တရုတ်ကုမ္ပဏီများ၏ အလုပ်အမှုဆောင်များအနေဖြင့် မဖြစ်မနေ သွားရောက်ရန် လိုအပ်သည့် ခရီးစဉ်များမရှိပါက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများသို့ ခရီးသွားခြင်းကို အားမပေးကြောင်း တရုတ်အာဏာပိုင်များက ဟန့်တားနေကြသည်ဟု WSJ ကဖော်ပြခဲ့သည်။
ခရီးသွားရန် စီစဉ်ထားသည့် အလုပ်အမှုဆောင်များအနေဖြင့် ခရီးမထွက်မီနှင့် နိုင်ငံအတွင်းသို့ ပြန်လာချိန်တွင် သက်ဆိုင်ရာကို အကြောင်းကြားရမည်ဖြစ်ပြီး ထိုခရီးစဉ်များအတွင်း မည်သူနှင့်တွေ့ဆုံခဲ့သည်ဆိုသည့် အချက်ကို အာဏာပိုင်များအား အကျဉ်းချုပ် ပြောကြားရန် ညွှန်ကြားထားကြောင်းလည်း WSJ က ဖော်ပြခဲ့သည်။
တရုတ်၏ AI နည်းပညာ ကုမ္ပဏီသစ်ဖြစ်သည့် DeepSeek ကို ထူထောင်သူ လျန်ဝမ်ဖန်းသည် ဖေဖော်ဝါရီလအတွင်းက ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင်ပြုလုပ်သည့် AI ညီလာခံကို တက်ရောက်ရန် ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့သည်။
ပြီးခဲ့့သည့်နှစ်ကလည်း တရုတ်အစိုးရ၏ ညွှန်ကြားချက်များကြောင့် တရုတ်၏ AI ကုမ္ပဏီတစ်ခုကို ထူထောင်သူတစ်ဦးသည် အမေရိကန်သို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း WSJ က ဖော်ပြခဲ့သည်။
မကြာသေးမီက တရုတ်၏ DeepSeek ကုမ္ပဏီက တီထွင်ခဲ့သည့် AI မော်ဒယ်များ သည် OpenAI နှင့် Google ကဲ့သို့ အမေရိကန်၏ AI နည်းပညာလောကကို ဦးဆောင်နေသည့် ထိပ်သီးကုမ္ပဏီ၏ AI မော်ဒယ်များကို ယှဉ်ပြိုင်နိုင်စွမ်း သို့မဟုတ် ပိုမိုကောင်းမွန်ကြောင်း ပြောကြားမှုများ ထွက်ပေါ်ခဲ့မှုနှင့်အတူ အမေရိကန်နှင့် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ AI နည်းပညာကဏ္ဍတွင် ယဉ်ပြိုင်မှုများ မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီလ ကလည်း တရုတ်သမ္မတ ရှီကျင်းပင်သည် တရုတ်၏ နည်းပညာကဏ္ဍမှ ထိပ်သီးပုဂ္ဂိုလ်များနှင့် အစည်းအဝေး ပြုလုပ်ခဲ့သည်။
Ref:AFP