အိန္ဒိယဘီလျံနာ ဂေါ်တမ် အဒါနီကို လာဘ်ပေးမှုဖြင့် အမေရိကန်က တရားစွဲ

အိန္ဒိယဘီလျံနာ ဂေါ်တမ် အဒါနီကို လာဘ်ပေးမှုဖြင့် အမေရိကန်က တရားစွဲ
Published 21 November 2024

အိန္ဒိယ၏အချမ်းသာဆုံးပုဂ္ဂိုလ်များထဲ တွင်တစ်ဦးအပါအဝင်ဖြစ်သည့် စက်မှုလုပ်ငန်းရှင် ဂေါ်တမ်အဒါနီကို ဒေါ်လာသန်းချီ လာဘ်ပေးမှုဖြင့် စွဲချက်တင်ခဲ့ကြောင်း အမေရိကန်ရှေ့နေများက နိုဝင်ဘာ ၂၀ ရက်က ပြောကြားခဲ့သည်။

ကျောက်မီးသွေး၊ လေဆိပ်များ၊ ဘိလပ်မြေနှင့် မီဒီယာလုပ်ငန်းများအထိ လုပ်ကိုုင်နေသည့် စီးပွားရေးအဖွဲ့အစည်းနှင့်အတူ Adani Group ၏ ဥက္ကဋ္ဌဖြစ်သူ အဒါနီသည် ပြီးခဲ့သည့်နှစ်များအတွင်း ကော်ပိုရေးရှင်း အရှုပ်တော်ပုံများ၊ စွပ်စွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရသည်။

ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ အနီးကပ်မိတ်ဆွေဖြစ်သည့် အဒါနီသည် ဆိုလာစွမ်းအင်ထောက်ပံ့ရေး ကန်ထရိုက်များရရှိရန် အိန္ဒိယအရာရှိများကို ဒေါ်လာသန်း ၂၅၀ ကျော် လာဘ်ပေးရန် သဘောတူညီခဲ့သည်ဟုစွပ်စွဲခံခဲ့ရသည်။

နှစ်ပေါင်း ၂၀ အတွင်း ထိုစီမံကိန်းများမှ ရရှိမည့် အခွန်ဆောင်အပြီးအစီး အမြတ်ငွေသည် ဒေါ်လာ ၂ ဘီလံကျော်ရှိလိမ့်မည်ဟု ခန့်မှန်းခံထားရသည်။

ထိုအမှုနှင့်ပတ်သက်ပြီး အဒါနီအပါအဝင် စွပ်စွဲခံထားရသူတစ်ဦးမျှ ဖမ်းဆီးထိန်းသိမ်းခံမထားရကြောင်း အမေရိကန်ရှေ့နေရုံးက ပြောကြားခဲ့သည်။

အဒါနီ၏ ကြံရာပါအဖြစ် စွပ်စွဲခံထားရသူများထဲမှ တစ်ဦး၏ဖုန်းကို အသုံးပြုပြီး လာဘ်ပေးသည့်ဖြစ်စဉ်များကို စေ့စေ့စပ်စပ်ခြေရာခံခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

စွပ်စွဲပြင်တင်မှုများအရ ဒေါ်လာဘီလျံချီရရှိရန် ရင်းနှီးမြှုပ်နှံသူများနှင့်ဘဏ်များကို  လိမ်ညာရန်နှင့် တရားစီရင်မှုကိုဟန့်တားရန် ဒေါ်လာသန်း ၂၅၀ ကျော်ကို အိန္ဒိယအစိုးရအရာရှိများကို လာဘ်ပေးရန် ကြံစည်ခဲ့သည်ဟု လက်ထောက်အစိုးရရှေ့နေချုပ် လီဆာမီလာက ပြောကြားခဲ့သည်။

ဂေါ်တမ် အဒါနီနှင့် အခြားစီးပွားရေး အလုပ်အမှုဆောင်ခုနစ်ဦးသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အကျိုးအမြတ်ရစေရန် အမြတ်များသည့် ကန်ထရိုက်များရရှိစေရန် အိန္ဒိယအစိုးရကို လာဘ်ပေးခဲ့ပြီး အခြား စွပ်စွဲခံရသူများသည် အစိုးရ၏ စုံစမ်းစစ်ဆေးမှုကို ဟန့်တားရန် လာဘ်ပေးသည့်ပူးပေါင်းကြံစည်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခံထားရသည်။

အဒါနီသည် သိုသိုသိပ်သိပ်နေထိုင်တပ်သူတစ်ဦးဖြစ်ပြီး မီဒီယာများနှင့်တွေ့ဆုံလေ့မရှိဘဲ ပွဲအခမ်းအနားများတွင်လည်း လက်ထောက်များကိုသာ စေလွှတ်လေ့ရှိသည်။

ဂူဂျာရက်ပြည်နယ် အာမက်ဒါဘက်မြို့တွင် မွေးဖွားခဲ့သည့် အဒါနီသည် လူလတ်တန်းစားမိသားစုမှ မွေးဖွားခဲ့သူဖြစ်သော်လည်း အသက် ၁၆ နှစ်တွင် ကျောင်းထွက်ခဲ့ကာ မွမ်ဘိုင်းမြို့၏ ကျောက်မျက်ရတာ ကုန် သွယ်ရေးစျေးးကွက်တွင် အလုပ်ရှာရန် မွမ်ဘိုင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

သူသည် သူ့အစ်ကို၏ ပလပ်စတစ်လုပ်ငန်းတွင် ယာယီဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက် ၁၉၈၈ ခုနှစ်တွင် ပို့ကုန်လုပ်ငန်းကို ချဲ့ထွင်ကာ မိသားစုအမည်ဖြင့် စီးပွားရေးလုပ်ငန်းစုကို တည်ထောင်ခဲ့သည်။

ထို့နောက်ခုနစ်နှစ်အကြာတွင် ဂူဂျာရက်ပြည်နယ်တွင် ကုန်ကူးသင်္ဘောဆိပ်ကမ်းတစ်ခုတည်ဆောက်ရန်နှင့် လုပ်ငန်းလည်ပတ်ရန် ကန်ထရိုက်ရရှိခဲ့သည်။

Adani Group ၏ လျင်မြန်စွာလုပ်ငန်းကြီးထွားလာမှုအပေါ် လေ့လာစောင့်ကြည့်သူများက စိုးရိမ်ခဲ့ကြပြီး ကြွေးမြီပြဿနာများ ရှိလာနိုင်ကြောင်း စျေးကွက်သုတေသီများက သတိပေးခဲ့ကြသည်။

၂၀၂၃ ခုနှစ်ကလည်း အမေရိကန်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ Hindenburg Research က အဒါနီလုပ်ငန်းစုသည် စတော့ရှယ်ယာများကို ကြိုးကိုင်ချယ်လှယ်မှုတွင်ပါဝင်နေကြောင်း ပြောကြားခဲ့သည်။         

Ref: AFP

Most Read

Most Recent