သုံးပတ်အတွင်း ပဥ္စမမြောက်မုန်တိုင်းကြီးသည် ဖိလစ်ပိုင်ကျွန်းစုကို တည့်တည့် ဝင်လာတော့မည်ဖြစ်သောကြောင့် နိုဝင်ဘာ ၁၂ ရက်တွင် ဖိလစ်ပိုင်က လောလောလတ်လတ် မိုးလေဝသသတိပေးချက်များကို ထုတ်ပြန်ခဲ့သည်။
တိုရာဂျီတိုင်ဖွန်းမုန်တိုုင် ဝင်မလာမီ လူထောင်ချီ ရွှေ့ပြောင်းခဲ့ရပြီးနောက် ရက်ပိုင်းအတွင်းတွင် ပဥ္စမမြောက် တိုင်ဖွန်းဝင်လာတော့မည်ဟု ဖိလစ်ပိုုင်အာဏာပိုင်များက သတိပေးထားသည်။
ယခုအခါ အားနည်းသွားပြီဖြစ်သော အပူပိုင်းမုန်တိုင်း တိုရာဂျီသည် အကန့်အသတ်ရှိသောပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူသေဆုံးမှုမရှိဟူသော သတင်းများထွက် ပေါ်ခဲ့ပြီးနောက်ညပိုင်းတွင် ပင်လယ်ပြင်၌ အရှိန်သေသွားခဲ့သည်။
သို့ရာတွင် အပူပိုင်းမုန်တိုင်း အူဆာဂျီသည် ကျွန်းစုနိုင်ငံဖိလစ်ပိုင်၏အကြီးဆုံးနှင့် လူနေအထူထပ်ဆုံး ကျွန်းဖြစ်သော လူဇုန်ကျွန်း၏ကမ်းရိုးတန်းနှင့် ယခုအခါနှစ်ရက်သာကွာတော့ပြီး အင်အားကောင်းလာနေ သည်ဟု အမျိုးသားမိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် တစ်လအတွင်း စတုတ္ထမြောက်တိုင်ဖွန်းမုန်တိုင်းဝင်ရောက် တိုက်ခတ်သောကြောင့် နိုဝင်ဘာ ၁၁ ရက်က လူပေါင်းထောင်ချီ ကယ်ဆယ်ရေးစခန်းများ သို့ ပြောင်းရွှေ့ခဲ့ကြပြီး ဆိပ်ကမ်းများကိုပိတ် ထားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တိုင်ဖွန်းတိုရာဂျီသည် မနီလာမြို့တော် အရှေ့မြောက်ပိုင်း မိုင် ၁၄၀ အကွာရှိ ဒီလာဆက်ဂျ်မြို့အနီးကို ဝင်ရောက်တိုက်ခတ်ခဲ့ ကြောင်း အမျိုးသားမိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။ အာဏာပိုင်များသည် ယင်းမုန်တိုင် မလာမီဖိလစ်ပိုင်မြောက်ပိုင်းရှိ အားနည်းသောနေရာများမှ လူ ၃၂,၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့သည်။
အော်ရိုရာနှင့် အစ္စဘယ်လာပြည်နယ်တို့ရှိ ကမ်းရိုးတန်းနေရာများ၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသည့်နေရာများမှ လူ ၇,၀၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ကြောင်း ကယ်ဆယ်ရေးသမား များက ပြောကြားခဲ့သည်။
ပြင်းထန် အပူပိုင်းမုန်တိုင်း ထရာမီ၊ တိုင်ဖွန်း ယင်ရှင်း၊ စူပါတိုင်ဖွန်း ကောင်းရေးတို့ကြောင့် လူ ၁၅၉ ဦးသေဆုံးခဲ့သည်။ အဆိုပါ မုန်တိုင်းသုံးခုဝင်ရောက်ခဲ့ပြီးနောက် စတုတ္ထမြောက်မုန်တိုင်းအဖြစ် တိုရာဂျီဝင် ရောက်ခဲ့ပြီး ရက်ပိုင်းအတွင်း ပဥ္စမမြောက် မုန်တိုင်းအူဆာဂျီ ဝင်ရောက်လာတော့မည် ဖြစ်သည်။
ထရာမီမုန်တိုင်း ဝင်ရောက်ရာတွင် လူသေဆုံးမှုအများဆုံးဖြစ်ခဲ့သည်။ ထရာမီမုုန်တိုင်းကြောင့် မိုးသည်းထန်ခဲ့သည်။ ထို့ကြောင့် ပြင်းထန်သည့် ရုတ်တရက်ရေကြီးမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာမှ လူသေဆုံးမှုများ ပြားခဲ့ခြင်းဖြစ်သည်။
အစိုးရသည် တိုရာဂျီမုန်တိုင်းကြောင့် ကြီးကြီးမားမားရေကြီးမှုဖြစ်ပေါ်သည်ဆိုသော သတင်းကို ထုတ်ပြန်ခြင်းမရှိပေ။ ထို့အပြင် အစိုးရသည် အူဆာဂျီ မုန်တိုင်းဝင်မလာမီ လူများနေရာရွှေ့ပြောင်းကြရန်လည်း မေတ္တာရပ်ခံထားခြင်းမရှိပေ။
“လူဇုန်မြောက်ပိုင်း ဧရိယာတွေဟာ (အူဆာဂျီမုန်တိုင်းကြောင့်) မိုးသည်းထန်မယ်။လေပြင်းတိုက်မယ်။ ကမ်းရိုးတန်းကို လှိုင်း ကြီးများရိုက်သဖြင့် ရုတ်တရက်ရေလွှမ်းမယ့် အန္တရာယ်ရှိနေပါတယ်။ အူဆာဂျီမုန်တိုင်း ဟာ ကြီးကြီးမားမားသက်ရောက်မှုတွေဖြစ် စေနိုင်ပါတယ်”ဟု ဖိလစ်ပိုင်မိုးလေဝသ အေဂျင်စီက ပြောကြားခဲ့သည်။
အူဆာဂျီသည် တစ်နာရီကို ၅၃ မိုင်(၈၅ ကီလိုမီတာ)အထိ အားကောင်းလာကြောင်း၊ မုန်တိုင်းသည် နိုဝင်ဘာ ၁၂ ရက်ညပိုင်းတွင် လူဇုန်ကျွန်းကို စတင်သက်ရောက်လာနိုင်ပြီး ကုန်းတွင်းကို မဝင်မီတစ်ရက်အလိုနိုဝင်ဘာ ၁၃ ရက်တွင် တိုင်ဖွန်းအဆင့်မုန်တိုင်းအဖြစ် ရောက်ရှိလာနိုင်ကြောင်း ဖိလစ်ပိုင် မိုးလေဝသအေဂျင်စီက ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ်းရိုးတန်းများ၌ လှိုင်းကြမ်းနိုင်သဖြင့် ပင်လယ်သို့မထွက်ရန် သတိပေးထားသည်။
Ref: AFP