နည်းပြသစ် သောမတ်စ်တူဟယ်လ်ကို အင်္ဂလန်နိုင်ငံ၌ အမြဲရှိနေရန်မလိုဘဲ ဂျာမနီနိုင်ငံမှလည်း အဝေးရောက်လုပ်ဆောင်နိုင်သည်ဟု FA ခွင့်ပြုပေးထား

နည်းပြသစ် သောမတ်စ်တူဟယ်လ်ကို အင်္ဂလန်နိုင်ငံ၌ အမြဲရှိနေရန်မလိုဘဲ ဂျာမနီနိုင်ငံမှလည်း အဝေးရောက်လုပ်ဆောင်နိုင်သည်ဟု FA ခွင့်ပြုပေးထား
Photo: England
Photo: England
Published 4 November 2024

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) သည် လာမည့် ဇန်နဝါရီ(၁)ရက်တွင် လက်ရွေးစင်အသင်းနည်းပြအဖြစ် စတင်ဆောင်ရွက်မည့် နည်းပြသစ် သောမတ်စ်တူဟယ်လ်ကို အင်္ဂလန်နိုင်ငံ၌ အမြဲရှိနေရန်မလိုဘဲ ဂျာမနီနိုင်ငံမှလည်း  အဝေးရောက်လုပ်ဆောင်နိုင်သည်ဟု ခွင့်ပြုပေးထားကြောင်း သိရသည်။

သောမတ်စ်တူဟယ်လ်(၅၁ နှစ်)သည် အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ (၁၈)လစာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

FA သည် နည်းပြ ဆောက်ဂိတ်နှင့် လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်တွင် လီကာစလေကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားပြီး လာမည့် ၂၀၂၅ ဇန်နဝါရီတွင် သောမတ်စ်တူဟယ်လ်က စတင်တာဝန်ယူရမည်ဖြစ်သည်။

ပုံမှန်အားဖြင့်ဆိုပါက အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြများသည် အင်္ဂလန်နိုင်ငံတွင် နေထိုင်ကာ National Football Centre သို့ နေ့စဉ်သွားရောက်၍ FA တာဝန်ရှိသူများ နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရလေ့ရှိကြောင်း သိရသည်။

သို့ရာတွင် ယခုအခါ သောမတ်စ်တူဟယ်လ်ကိုမူ အင်္ဂလန်နိုင်ငံ၌ အချိန်အများစု နေထိုင်ရမည်ဖြစ်သော်လည်း အမြဲတမ်းနေထိုင်ရမည်ဟု သတ်မှတ်မထားဘဲ ဂျာမနီနိုင်ငံတွင်လည်း မိသားစုနှင့်အတူ နေထိုင်နိုင်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော် အင်္ဂလန်မှာနေရတာ သဘောကျပါတယ်။ အင်္ဂလန်မှာ ထပ်နေသွားဖို့လည်း စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော် ပရီးမီးယားလိဂ်နဲ့ နီးနီးကပ်ကပ် ရှိချင်ပါတယ်။ ကစားသမားအများစုနဲ့လည်း နီးနီးကပ်ကပ် ရှိချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ကျွန်တော့်ရဲ့မိသားစု၊ ကျွန်တော့်ရဲ့ကလေးတွေနဲ့အတူ ဂျာမနီမှာ နေထိုင်ဖို့လည်း ခွင့်ပြုပေးထားပါတယ်။ အချိန်အများစုကတော့ ကျွန်တော် အင်္ဂလန်မှာ ရှိနေမှာပါ''ဟု သောမတ်စ်တူဟယ်လ်က ပြောကြားခဲ့သည်။

ထို့ကြောင့် FA သည် အစဉ်အလာများကို ချိုးဖျက်ကာ သောမတ်စ်တူဟယ်လ်ကို အထူးအခွင့်အရေးပေးခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာအချို့က သုံးသပ်ခဲ့သည်။

သောမတ်စ်တူဟယ်လ်သည် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်စဉ်က အင်္ဂလန်တွင် (၁၈)လကြာ နေထိုင်ခဲ့ဖူးသူဖြစ်ပြီး ယခုအခါ ဒုတိယအကြိမ် နေထိုင်ရမည်ဖြစ်သည်။

၎င်းအနေဖြင့် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ချိန်၌  ပရီးမီးယားလိဂ်ပွဲစဉ်များကို အပတ်စဉ် ပုံမှန်ကြည့်ရှုသွားရမည်ဖြစ်သလို၊ FA ၏ သက်တမ်းအလိုက်နည်းပြများ၊ နည်းပြအဖွဲ့ဝင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားရမည်ဖြစ်သော်လည်း မိသားစုရှိရာ မြူးနစ်မြို့သို့ ပုံမှန်ပြန်ခွင့်ရရှိခြင်းဖြစ်သည်။

FA သည် အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်နေသည့် ဆရီနာဝိဂ်မန်းကိုလည်း နယ်သာလန်သို့ ပုံမှန်ပြန်ခွင့်ပြုထားသည့်အတွက် သောမတ်စ်တူဟယ်လ်ကိုလည်း ၎င်းနည်းတူ အခွင့်အရေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သောမတ်စ်တူဟယ်လ်သည် အင်္ဂလန်လက်ရွေးစင်နည်းပြအဖြစ် တစ်နှစ်လစာ ပေါင်(၅)သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent