လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲ (၅၀၀)ပြည့်သည့် (၁၅)ဦးမြောက်ကစားသမားအဖြစ် ပယ်ရေဟို မှတ်တမ်းဝင်

လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲ (၅၀၀)ပြည့်သည့် (၁၅)ဦးမြောက်ကစားသမားအဖြစ် ပယ်ရေဟို မှတ်တမ်းဝင်
Photo: La Liga
Photo: La Liga
Published 21 October 2024

ဗီလာရီးယဲလ်အသင်း၏ စပိန်ဝါရင့်ကွင်းလယ်လူ ပယ်ရေဟိုသည် ဂီတာဖေးအသင်းနှင့်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီးနောက် ကစားသမားဘဝ လာလီဂါ ပွဲ (၅၀၀)ပြည့်မြောက်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ယင်းပွဲမှတ်တမ်းကို ပိုင်ဆိုင်နိုင်သည့် (၁၅)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

အသက် (၃၅)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ပယ်ရေဟိုသည် ရီးယဲလ်မက်ဒရစ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အသက် (၁၉)နှစ်အရွယ် ၂၀၀၈ ခုနှစ်တွင် ရီးယဲလ်အသင်းနှင့်အတူ ကစားသမားဘဝ ပထမဆုံးလာလီဂါပွဲစဉ်ကို ကစားခဲ့ပြီး (၁၆)ရာသီအကြာတွင် ပွဲ (၅၀၀) ပြည့်မှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။

ပယ်ရေဟိုသည် လာလီဂါပွဲ (၅၀၀)ကို ဗလင်စီယာ (၂၈၂ ပွဲ)၊ ဗီလာရီးယဲလ် (၁၄၉ ပွဲ)၊ ဂီတာဖေး (၆၄ ပွဲ)၊ ရီးယဲလ်မက်ဒရစ် (၅ ပွဲ)တို့နှင့် ကစားခဲ့ခြင်းဖြစ်ပြီး (၇၅) ဂိုးသွင်းယူနိုင်ခဲ့ကြောင်းသိရသည်။

လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက်ပွဲအများဆုံးကစားထားသူမှာ စပိန်ဂန္ထဝင်ဂိုးသမား ဇူဘီဇာရက်တာဖြစ်ပြီး (၁၈)ရာသီအတွင်း (၆၂၂)ပွဲအထိကစားကာ စံချိန်တင်ထားခြင်းဖြစ်သည်။

Most Read

Most Recent