အက်စ်ပန်ညိုအား အနိုင်ရသည့်ပွဲအပြီးတွင် ဘာစီလိုနာအသင်းသွင်းဂိုး မှတ်တမ်းကောင်း တစ်ခုပိုင်ဆိုင်ခဲ့ပြီး ကစားသမားများလည်း စံချိန်မှတ်တမ်းသစ်များ တင်ရှိနိုင်ခဲ့

အက်စ်ပန်ညိုအား အနိုင်ရသည့်ပွဲအပြီးတွင် ဘာစီလိုနာအသင်းသွင်းဂိုး မှတ်တမ်းကောင်း တစ်ခုပိုင်ဆိုင်ခဲ့ပြီး ကစားသမားများလည်း စံချိန်မှတ်တမ်းသစ်များ တင်ရှိနိုင်ခဲ့
Photo: AFP
Photo: AFP
Published 4 November 2024

 

၂၀၂၄-၂၅ စပိန်လာလီဂါပွဲစဉ် (၁၂) ဘာစီလိုနာ (၃-၁) အက်စ်ပန်ညို ပွဲစဉ်အပြီးတွင် ဘာစီလိုနာအသင်းသည် လာလီဂါပြိုင်ပွဲသမိုင်း၏ သွင်းဂိုးမှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆို်င်နိုင်ခဲ့သလို၊ ကစားသမားအချို့မှာလည်း စံချိန်မှတ်တမ်းကောင်းများပိုင်ဆိုင်နိုင်ခဲ့ကြောင်းသိရသည်။ ဘာစီလိုနာအသင်းသည် ယခုရာသီလာလီဂါပွဲစဉ် (၁၂)ပွဲကစားပြီးချိန်တွင် (၁၁)ပွဲနိုင်၊ (၁)ပွဲရှုံး ရမှတ် (၃၃) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ပြတ်ပြတ်သားသားဦးဆောင်နေပြီး ချန်ပီယံဆုအတွက်ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်လက်ရှိနေသည်။

ဘာစီလိုနာအသင်းသည် ယခုရာသီလာလီဂါပွဲစဉ် (၁၂)ပွဲကစားပြီးချိန်တွင် သွင်းဂိုး (၄၀)ဂိုးအထိသွင်းယူထားပြီး ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် သွင်းဂိုးအများဆုံးအသင်းအဖြစ်ရပ်တည်နေသလို ၁၉၅၀-၅၁ ရာသီနောက်ပိုင်း နှစ်ပေါင်း (၇၀)ကျော်အတွင်း လာလီဂါပြိုင်ပွဲ၏အကောင်းဆုံးသွင်းဂိုးမှတ်တမ်းဖြစ်ခဲ့ကြောင်းသိရသည်။ ယခင်လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ် (၁၂)အပြီးဂိုးအများ သွင်းယူထားသည့်အသင်းမှာ ဘာစီလိုနာအသင်းပင်ဖြစ်ပြီး ၁၉၅၀-၅၁ ရာသီက (၄၂) ဂိုးသွင်းယူကာစံချိန်တင်နိုင် ခဲ့ခြင်းဖြစ်သည်။ 

ယခုအခါဘာစီလိုနာအသင်းအနေဖြင့် ၎င်းတို့၏ စံချိန်ဟောင်းကို လိုက်မမီနိုင်တော့သော်လည်း နှစ်ပေါင်း (၇၀)ကျော်အတွင်း စပိန်လာလီဂါပြိုင်ပွဲ၏ အကောင်းဆုံးသော စွမ်းဆောင်ရည်မှတ်တမ်းဖြစ်ခဲ့သလို၊ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ် (၁၂)အပြီး သွင်းဂိုး (၄၀) နှင့်အထက် ဒုတိယအကြိမ်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်းသည် ယခုရာသီ နည်းပြဟန်ဆီဖလစ်ခ်လက်အောက်တွင် အတည်ငြိမ်ဆုံးခြေစွမ်းကိုပြနိုင်ခဲ့ပြီး လာလီဂါပြိုင်ပွဲတွင်သာမက ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း (၃)ပွဲယှဉ်ပြိုင်ခဲ့ပြီးချိန်တွင် နောက်ဆုံး (၂)ပွဲဆက် အနိုင်ရလဒ်နှင့်အတူ နောက်တစ်ဆင့်တက်ရောက်ရန်အခြေအနေကောင်းနေကြောင်းသိရသည်။ ဘာစီလိုနာအသင်း၏ သွင်းဂိုးစံချိန်မှတ်တမ်းကောင်းများနှင့်အတူ ဘာစီလိုနာတိုက်စစ်ကစားသမားများဖြစ်သည့် လီဝန်ဒေါစကီး (၁၄ ဂိုး)၊ လူးစ္စဒီယော့ဇ် (၇ ဂိုး)၊ ယမားလ် (၅ ဂိုး)နှင့် အော်လ်မို (၅  ဂိုး)တို့မှာလည်း ယခုရာသီအတွင်းစံချိန်မှတ်တမ်းကောင်းများပိုင်ဆိုင်နိုင်ခဲ့ကြောင်းသိရသည်။ 

ဘာစီလိုနာအသင်းသည် ယခုရာသီဥရောပထိပ်တန်းလိဂ် (၅)ခုတွင် အမှတ်ပေးပြိုင်ပွဲသွင်းဂိုး (၅)ဂိုးနှင့်အထက် သွင်းယူသည့် ကစားသမား (၄)ဦးပိုင်ဆိုင်သော ပထမဆုံး ကလပ်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့နိုင်သလို၊ အသက် (၁၇)နှစ်ယမားလ်မှာလည်း လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှု (၁၂) ကြိမ် (၅ ဂိုးသွင်း၊ ၇ ဂိုးဖန်တီး) ပြည့်မြောက်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ယင်းကဲ့သို့စွမ်းဆောင်နိုင်သည့် ပထမဆုံးဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent