သီတင်းပတ်အနည်းငယ်အတွင်း ယူကရိန်းကို တိုက်ခိုက်မည့် အလားအလာနှင့်ရုရှားတွင် သင်တန်းပေးရန်တို့အတွက် မြောက်ကိုရီးယားက စစ်သား ၁၀,၀၀၀ ပို့လိုက်သည်ဟုအမေရိကန်က ပြောကြားခဲ့သည်။
ယူကရိန်းကို တိုက်ခိုက်ရာတွင် ရုရှားကို အကူအညီပေးရေးအတွက် မြောက်ကိုရီးယားက လက်နက်များ ပေးပို့နေသည်ဟု တောင်ကိုရီးယားက စွပ်စွဲပြောကြားနေသည်မှာ ကြာပြီဖြစ်သည်။
ရုရှားသို့ စစ်သားများ ပို့လိုက်သည်ဆိုခြင်းကို မြောက်ကိုရီးယားက ငြင်းဆန်ခဲ့သည်ဆိုသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ မြောက်ကိုရီးယားအစိုးရမီဒီယာက ပထမဆုံးဖော်ပြခဲ့ရာ၌ မြောက်ကိုရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီးက စစ်သားများဖြန့်ကြက်မှု ဖြစ်လာနိုင်စရာရိိှသည်ဟု ပြောကြားခဲ့ ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီစစ်သားများ ဖြန့်ကြက်မှု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားက ရုရှားမြေပေါ်သို့ မကြာမီစစ်သား ၁၂,၀၀၀ အထိ ပို့လိုက်သည့် အနေအထားဖြစ်လာနိုင်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ယင်းသို့ မြောက်ကိုရီးယားစစ်သားများကို ရုရှားသို့ ဖြန့်ကြက်လိုက်ခြင်းသည် အလွန်အန္တရာယ်များသည်ဟု အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ကဝေဖန်ခဲ့သည်။
“မြောက်ကိုရီးယားဟာ ရုရှားအရှေ့ပိုင်းမှာ သင်တန်းပေးဖို့ စစ်သားစုစုပေါင်း ၁၂,၀၀၀ ကို ပို့လိုက်ပါတယ်။ ဒါကြောင့် လာမယ့် သီတင်းပတ်တွေအတွင်း ယူကရိန်းအနီးမှာ ရုရှားတပ်ဖွဲ့တွေ အင်အားတိုးလာပါလိမ့် မယ်”ဟု ပင်တဂွန် ဒုတိယသတင်းပြန်ကြား ရေးအရာရှိ ဆာဘရီနာဆင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
စစ်သားများ ဖြန့်ကြက်မှုသည် ရုရှားစစ်ပွဲကို အန္တရာယ်ကြီးမားသော တိုးချဲ့မှုဖြစ်သည်ဟု နေတိုးအကြီးအကဲ မာ့ခ်ရုက ပြောကြားခဲ့ပြီး ယင်းသည် ပူတင်၏ကြံရာမရဖြစ်မှုတိုးလာသည့်လက္ခဏာဖြစ်သည်ဟု ဆိုသည်။
၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲစတင်ကတည်းက ရုရှားစစ်သား ၆၀,၀၀၀ ကျော်သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည်ဟု မာ့ခ်ရုက ပြောကြားခဲ့သည်။ ကရင်မလင်အနေဖြင့် ပြည်ပအထောက်အပံ့မပါဘဲ ကျူးကျော်ဝင်ရောက်မှုကို ထိန်းထားနိုင်စွမ်းမရှိဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တောင်ကိုရီးယား ထောက်လှမ်းရေးတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီးနောက် မာ့ခ်ရုက “မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ရုရှားအနောက်ပိုင်း ကာ့ရှ်ဒေသမှာဖြန့်ကြက်ထားပြီးပြီဆိုတာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ရုရှားနှင့်မြောက်ကိုရီးယားတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်လိုက်သောကြောင့် ရာထူးကြီးသော မြောက်ကိုရီးယားဗိုလ်ချုပ်များတောင် ရှေ့တန်းနေရာများကို ရောက်နေနိုင်သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးတာဝန်ရှိသူများက လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် မေလတွင်ဂြိုဟ်တုလွှတ်တင်မှု အောင်မြင်မှုမရဖြစ်ခဲ့ပြီးနောက်,နောက်တစ်ကြိမ် ဂြိုဟ်တုလွှတ်တင်ရန် ပြင်ဆင်နေသည်ဟုလည်း တောင်ကိုရီးယား ထောက်လှမ်းရေးတာဝန်ရှိသူများက သတိပေးခဲ့သည်။
မြောက်ကိုရီးယားသည် ရုရှားသို့စစ်သားများ စေလွှတ်ပေးခဲ့သည့်အတွက်အပြန်အလှန်အားဖြင့် စစ်ရေးနည်းပညာများကိုဝယ်ယူရန် အလားအလာရှိနေသည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။ အဆိုပါစစ်ရေးနည်းပညာများသည် ထောက်လှမ်းရေးဂြိုဟ်တုမှသည် ရေငုပ်သင်္ဘောများအထိဖြစ် သည်ဟုဆိုသည်။
Ref: AFP