အရပ်သားများအား မဆင်မခြင်တိုက်ခိုက်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောကြား

အရပ်သားများအား မဆင်မခြင်တိုက်ခိုက်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောကြား
နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ် အထွေထွေညီလာခံခန်းမ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မိန့်ခွန်းပြောကြားစဉ်(Photo: AFP)
နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ် အထွေထွေညီလာခံခန်းမ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မိန့်ခွန်းပြောကြားစဉ်(Photo: AFP)
Published 24 September 2024

လက်ဘနွန်နိုင်ငံအား ထောက်ခံကြောင်းနှင့် အရပ်သားများအားမဆင်မခြင်တိုက်ခိုက်မှုများကိုု ပြစ်တင်ရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“အထူးသဖြင့် မကြာသေးခင်က လက်ဘနွန်နိုင်ငံမှာ ဆက်သွယ်ရေးကိရိယာ ပေါက်ကွဲမှု အပါအဝင် ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မိမိတို့အနေနဲ့အထူးအာ ရုံစိုက်လျက်ရှိပြီး အရပ်သားတွေအပေါ် မဆင်မခြင် တိုက်ခိုက်မှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်”ဟု နယူးယောက်မြို့၌ လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီး အက်ဘ်ဒါလာ ဘူဟာဘစ်နှင့် တွေ့ဆုံရာတွင် ဝမ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က လက်ဘနွန်နိုင်ငံတစ်ဝန်း၌ ဆက်သွယ်ရေးကိရိယာ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၃၉ ဦး သေဆုံးကာ ၃,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက်တွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၃၅ ဦးနှင့် အမျိုးသမီး ၅၈ ဦး အပါအဝင်လူပေါင်း ၄၉၂ ဦး သေဆုံးကာ ၁,၆၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၀၀၆ ခုနှစ် နွေရာသီက ဖြစ်ပွားခဲ့သည့် အစ္စရေး-ဟစ်ဇဘိုလာစစ်ပွဲနောက်ပိုင်း ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများသည် လက်ဘနွန်၌ အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အဆိုပါတိုက်ခိုက်မှုများကိုသိရှိထားကြောင်း၊ နိုင်ငံတကာဆက်ဆံရေးအား ထိန်းကျောင်းပေးသော အခြေခံစံနှုန်းများအား ချိုးဖောက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

“အခြေအနေတွေ ဘယ်လိုပဲပြောင်းလဲပါစေ ကျွန်တော်တို့အနေနဲ့ တရားမျှတတဲ့ဘက်မှာ၊ လက်ဘနွန် အပါအဝင် အာရပ်ညီနောင်တွေရဲ့ဘက်မှာ အမြဲရပ်တည်သွားမှာပါ”ဟု ဝမ်ကလက်ဘနွန် နိုင်ငံခြားရေးဝန်ကြီး အား ပြောကြားခဲ့သည်။

“လက်နက်ကိုင်တွေက အမှန်တရားကို ကိုယ်စားမပြုဘဲငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေရုံသာ ရှိပါလိမ့်မယ်” ဟုလည်း ဝမ်က ဆိုသည်။

“အကြမ်းဖက်မှုကို အကြမ်းဖက်တဲ့နည်းနဲ့ တုံ့ပြန်တာက အရှေ့အလယ်ပိုင်းဒေသရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ ပိုမိုကျယ်ပြန့်တဲ့ လူသားချင်းစာနာမှု ကပ်ဘေးဆီကိုသာ ဦးတည်စေပါလိမ့်မယ်”ဟု ဝမ်က ထပ်မံပြောကြားခဲ့သည်။

လူအသေအပျောက်များစွာ ဖြစ်ပေါ်စေသည့် စစ်ရေးလှုပ်ရှားမှုများအပေါ် အလွန်တုန်လှုပ်မိကြောင်း အစ္စရေး၏ တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“လက်ဘနွန်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံမှုအပေါ် ချိုးဖောက်မှုတွေကို တရုတ်နိုင်ငံက ဆန့်ကျင်ကန့်ကွက်ပါတယ်။ အပြစ်မဲ့ အရပ်သားတွေကို ဘေးသင့်စေတဲ့ လုပ်ရပ်မှန်သမျှကိုလည်း ကန့်ကွက်ရှုတ်ချပါတယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ လင်ကျန်းက ပြောကြားခဲ့သည်။

“အခြေအနေတွေ အမြန်ဆုံးပြေလျော့သွားစေမယ့် အစီအမံတွေကိ လုပ်ဆောင်သွားဖို့နဲ့ ဒေသတွင်းတင်းမာမှုတွေ ပိုမိုအရှိန်မြင့် တက်မလာအောင်တားဆီးဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းပါတယ်”ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရက ပြောကြားခဲ့သည်။                 

Ref: AFP

         

Most Read

Most Recent