ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယားစစ်သား ၁၀၀၀၀ ခန့် ရုရှားတပ်ဖွဲ့များနှင့်ပူးပေါင်းရန် ပြင်ဆင်နေကြောင်း ယူကရိန်းသမ္မတ ပြောကြား

ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယားစစ်သား ၁၀၀၀၀ ခန့် ရုရှားတပ်ဖွဲ့များနှင့်ပူးပေါင်းရန် ပြင်ဆင်နေကြောင်း ယူကရိန်းသမ္မတ ပြောကြား
အောက်တိုဘာ ၁၇ ရက်က ဘရပ်ဆဲလ်မြို့ရှိ နေတိုးဌာနချုပ်တွင် သတင်းစာရှင်းလင်းပွဲဲပြုလုပ်နေသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ်(Photo:AFP)
အောက်တိုဘာ ၁၇ ရက်က ဘရပ်ဆဲလ်မြို့ရှိ နေတိုးဌာနချုပ်တွင် သတင်းစာရှင်းလင်းပွဲဲပြုလုပ်နေသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ်(Photo:AFP)
Published 19 October 2024

ယူကရိန်းနှင့်ရုရှားစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား ၁၀၀၀၀ ခန့် ရုရှားတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ပြင်ဆင်နေကြောင်း ထောက်လှမ်းရေးသတင်းကို ရရှိခဲ့သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းပဋိပက္ခတွင် တတိယနိုင်ငံ ပါဝင်လာမည်ဆိုပါက ကမ္ဘာစစ်အဖြစ် ပြောင်းလဲသွားနိုင်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်သည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို စစ်ရေးအကူအညီများပေးနေကြောင်း၊ သို့သော် ရုရှားထံ မြောက်ကိုရီးယားစစ်သားများ စေလွှတ်နေသည်ဆိုသည့် ယူကရိန်း၏ ပြောကြားချက်များ ကိုအတည်မပြုနိုင်ကြောင်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ့်ဘဲလ် ကပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဇယ်လန်စကီး၏ ပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ဇယ်လန်စကီးသည် မြောက်ကိုရီးယားစစ်သားများ စေလွှတ်မှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိပေ။

“ကျွန်တော်တို့ ရရှိထားတဲ့ ထောက်လှမ်းရေးသတင်းအရ မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ နည်းဗျူဟာမြောက် စစ်မှုထမ်းတွေ စေလွှတ်နေတယ်လို့ သိရပါတယ်။ သူတိုဟာ စစ်သား ၁၀၀၀၀ လောက်စေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ ယူကရိန်းကိုရော ရုရှားကိုပါ ရောက်ရှိခြင်းမရှိ သေးပါဘူး”ဟု ဇယ်လန်စကီးက နေတိုးဌာနချုပ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ပါဝင်ပတ်သက်မှုသည် ကမ္ဘာ့စစ်ဖြစ်ပွားရန် ပထမဆုံးခြေလှမ်း ဖြစ်လာလိမ့်မည်ဟု အစောပိုင်းတွင် ဇယ်လန်စကီးက ပြောကြားခဲ့သည်။

နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရူတီကမူ ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယားစစ်သားများ ပါဝင်နေသည့် သက်သေမရှိကြောင်း သို့သော် မြောက်ကိုရီးယားသည် ရုရှားကို လက်နက်များ၊ နည်းပညာများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ကူညီထောက်ပံ့ပေးနေကြောင်း၊ ထိုအခြေအနေသည် စိုးရိမ်စရာအလွန်ကောင်းကြောင်း ပြောကြားခဲ့သည်။

ဇယ်လန်စကီးသည် ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂခေါင်းဆောင်များ၊ နေတိုးကာကွယ်ရေးဝန်ကြီးများနှင့် တွေ့ဆုံချိန်တွင် ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ၎င်း၏ အောင်ပွဲအစီအစဉ်ကို ဆွေးနွေးခဲ့ သည်။

ထိုအစီအစဉ်၏ အဓိကအချက်များတွင် နေတိုးအဖွဲ့အတွင်း ယူကရိန်းဝင်ရောက်ရေးအတွက် ဖိတ်ကြားမှု၊ ရုရှားနိုင်ငံအတွင်းပိုင်းရှိ ပစ်မှတ်များကို အနောက်နိုင်ငံများက ထောက်ပံ့ပေးထားသည့် တာဝေးပစ်ဒုံးကျည် များဖြင့် တိုက်ခိုက်ခွင့်ပြုရေး အစရှိသည့် အချက်များ ပါဝင်ခဲ့သည်။

“ယူကရိန်းဟာ တစ်နေ့နေ့မှာ ၃၃ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင်ဖြစ်လာဖို့ အမှန်တကယ် ထိုက်တန်ပါတယ်။ အဲဒီလိုဖြစ်ဖို့ ကျွန်တော်တို့ဟာ အရားအားလုံးကို လုပ်ဆောင်သွားရမှာပါ”ဟု ဇယ်လန်စကီးက ပြောကြားခဲ့ သည်။ထို့ပြင် ယူကရိန်းအနေဖြင့် မိမိတို့၏ စံတန်ဖိုးများကို ကာကွယ်ပြီး ဥရောပနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည့် ရုရှားကို ဆန့်ကျင်တိုက်ခိုက်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

Ref:AFP

                   

Most Read

Most Recent