■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲကြိုသုံးသပ်ချက်

■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲကြိုသုံးသပ်ချက်
Photo: Gettyimages
Photo: Gettyimages
Published 15 October 2024

◘ အာဂျင်တီးနား - ဘိုလစ်ဗီးယား (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၆:၃၀ နာရီ)

အာဂျင်တီးနားအသင်းက ခြေစစ်ပွဲ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ ဒီလိုအခြေအနေက နည်းပြ စကာလိုနီလက်ထက်မှာ ထူးခြားတယ်လို့ ပြောရမယ်။ ဗင်နီဇွဲလားနဲ့ပွဲ ပွဲထွက်လူစာရင်းကိုတော့ အပြောင်းအလဲ အနည်းငယ် လုပ်လာနိုင်တယ်။ အထူးသဖြင့် မက်ဆီကို လော်တာရိုမာတီနက်ဇ်နဲ့ တွဲပေးတာမျိုး ရှိလာနိုင်ပြီး အယ်လစ္စတာလည်း ပွဲထွက်ကစားဖို့ များတယ်။ ပထမအကျော့တုန်းကတော့ ကစားရခက်တဲ့ ဘိုလစ်ဗီးယားကွင်းမှာတော့ အာဂျင်တီးနားအသင်းက ဂိုးပြတ်အနိုင်ယူထားခဲ့တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ ဘိုလစ်ဗီးယားအသင်းက အပြောင်းအလဲကြီး ပြောင်းလဲသွားပြီ။ အာဂျင်တီးနား အရေးနိမ့်ထားတဲ့ ကိုလံဘီယာကိုတောင် ဘိုလစ်ဗီးယားက တစ်ယောက်လျော့နဲ့ အနိုင်ယူခဲ့ပြီး (၃)ပွဲဆက် အနိုင်ရထားတယ်။ အာဂျင်တီးနား (၄)ဂိုးပြတ်ဖို့ မလွယ်ပါဘူး။

◘ ဘရာဇီးလ် - ပီရူး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၇:၁၅ နာရီ)

ဘရာဇီးလ်အသင်းက ချီလီကို အနိုင်ရခဲ့ပေမဲ့ ပွဲပြီးခါနီး အနိုင်ဂိုးနဲ့ အသည်းအသန် ကစားလိုက်ရတယ်။ တိုက်စစ်မှာ ဗင်နီစီယပ်စ် မပါတာကလွဲလို့ ရာဖင်ညာ၊ ရိုဒရီဂို၊ ဆာဗင်ညိုတို့ ကစားခဲ့ပေမဲ့ ခြေစွမ်းမပြနိုင်ခဲ့ဘူး။ ဥရောပရောက် ဘရာဇီးလ်ကြယ်ပွင့်တွေရဲ့ လက်ရွေးစင်အသင်းအတွက် အားစိုက်မှုအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့တယ်။ ဘရာဇီးလ်သမ္မတကိုယ်တိုင် ဥရောပရောက်သူတွေထက် ပြည်တွင်းက ခြေစွမ်းပြသူတွေကိုပဲ ရွေးဖို့တောင် တိုက်တွန်းတဲ့အထိ ဖြစ်ခဲ့တယ်။ ဥရုဂွေးကို အနိုင်ကစားထားတဲ့ ပီရူးတို့ ဘရာဇီးလ်ကို ဒုက္ခပေးနိုင်ခြေ မရှိပါဘူး။ ဘရာဇီးလ် ဂိုးပြတ်ဖို့များတယ်။

◘ ဥရုဂွေး - အီကွေဒေါ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၆:၀၀ နာရီ)

နောက်ပိုင်းတွေ့ဆုံမှုတွေမှာ ဒီနှစ်သင်းရဲ့ရလဒ်ပိုင်းက မျှတတယ်လို့ ပြောရမယ်။ သူ့ကွင်းကိုယ့်ကွင်း အပြန်အလှန် အနိုင်ယူထားကြတာများပါတယ်။ ဥရုဂွေးအသင်းမှာ နူးနက်ဇ် ပြန်ကစားနေပေမဲ့ အသင်းအနေနဲ့ ဂိုးရဖို့ ရုန်းကန်နေရဆဲပါပဲ။  ကိုပါအမေရိကပြိုင်ပွဲအပြီး ကစားတဲ့ (၃)ပွဲစလုံး ဂိုးပေါက်ပျောက်နေပြီး နိုင်ပွဲမရှိတာက ဥရုဂွေးအသင်းအဖို့ အတော်လေးထူးခြားနေတယ်။ လက်ရှိမှာ ဥရုဂွေးအသင်းထက် အီကွေဒေါကတောင် ရလဒ်ပိုတည်ငြိမ်တယ်လို့ ပြောရမယ်။ ခြေစစ်ပွဲ (၉)ပွဲမှာလည်း အာဂျင်တီးနားနဲ့ ဘရာဇီးလ်ကိုပဲ အရေးနိမ့်ထားတယ်။ အီကွေဒေါ အမှတ်ရနိုင်တယ်။

◘ ကိုလံဘီယာ - ချီလီ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၃:၀၀ နာရီ)

ချီလီအသင်းက ခြေစစ်ပွဲ (၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီး အမှတ်ပေးဇယားအောက်ဆုံးအထိ ရောက်သွားခဲ့ရတယ်။ ဒီပွဲလည်း ကိုလံဘီယာပဲ ကြိုက်တယ်။

◘ ပါရာဂွေး - ဗင်နီဇွဲလား (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၅:၃၀ နာရီ)

ပါရာဂွေးအသင်းက ခြေစစ်ပွဲ နောက်ဆုံး(၆)ပွဲမှာ ကိုလံဘီယာကိုပဲ ပယ်နယ်တီဂိုးနဲ့ အရေးနိမ့်ခဲ့တယ်။ သရေတွေများနေတဲ့ ဗင်နီဇွဲလား ဒီပွဲမှာလည်း အမှတ်ထပ်ယူနိုင်တယ်။

Most Read

Most Recent