အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗလီတစ်ခုလုံး ပျက်စီးသွားကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြ

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗလီတစ်ခုလုံး ပျက်စီးသွားကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြ
အောက်တိုဘာ ၁၃ ရက်က လက်ဘနွန်နိုင်ငံ နာဘာတီရက်မြို့တွင် အစ္စရေး၏လေကြောင်းတို်က်ခိုက်မှုကြောင့် အပျက်အစီးများကို တွေ့ရစဉ်(Photo:AFP)
အောက်တိုဘာ ၁၃ ရက်က လက်ဘနွန်နိုင်ငံ နာဘာတီရက်မြို့တွင် အစ္စရေး၏လေကြောင်းတို်က်ခိုက်မှုကြောင့် အပျက်အစီးများကို တွေ့ရစဉ်(Photo:AFP)
Published 14 October 2024

မကြာသေးမီ သီတင်းပတ်များအတွင်း လက်ဘနွန်နိုင်ငံတွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာချိန်တွင် အောက်တိုဘာ ၁၃ ရက်၌ အစ္စရေး၏လေကြောင်း တိုက်ခိုက်မှုကြောင့် ဗလီတစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။

“အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၄၅ မိနစ်ဝန်းကျင်လောက်မှာ ရန်သူ(အစ္စရေး) ရဲ့တိုက်လေယာဉ်တွေက ကေဖာတစ်ဘ်နစ်ကျေးရွာ အလယ်ပိုင်းရှိ ဗလီဟောင်းတစ်ခုကို ပစ်မှတ်ထားပြီးလေ ကြောင်း တိုက်ခိုက်ခဲ့တဲ့အတွက် ဗလီတစ်ခုလုံး ပြိုကျပျက်စီးသွားပါတယ်”ဟု နိုင်ငံပိုင်သတင်းတွင် ဖော်ပြထားသည်။

နယ်စပ်မှ ရှစ်ကီလိုမီတာခန့်အကွာရှိ ကျေးရွာတွင် လူများစုဝေးလေ့ရှိသည့် နေရာတစ်ခု(ဗလီ)ကို ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း ရွာလူကြီး ဖူအတ်ယက်ဆင်းက အေအက်ဖ်ပီ သတင်းကို ပြောပြခဲ့သည်။

“နေ့ထူးနေ့မြတ်တွေမှာ ရွာကမိသားစုတွေက ဗလီရင်ပြင်မှာ အတူစုဝေးလေ့ရှိတဲ့အတွက် ဒီဗလီက အထင်ကရနေရာ တစ်နေရာ ဖြစ်ပါတယ်”ဟု ယက်ဆင်းက ပြောပြခဲ့ကာ ဗလီ၏ သက်တမ်းသည် နှစ် ၁၀၀ ထက် မနည်းရှိကြောင်း ထပ်မံပြောကြားခဲ့သည်။

ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ အစ္စရေးနှင့်ဟစ်ဇ်ဘိုလာတို့ကြား တစ်နှစ်ကြာ အပြန်အလှန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုသည် စက်တင်ဘာ ၂၃ ရက်တွင် အပြည့်အဝပဋိပက္ခ တစ်ရပ်အသွင်အထိ မြင့်တက်လာခဲ့သည်။

လက်ဘနွန်တွင် အစ္စရေး၏ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁,၂၆၀ ကျော်ရှိလာခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ တစ်သန်းအထိ ရှိလာကြောင်း လက်ဘနွန်တာဝန်ရှိသူများက ဆိုသည်။အရှေ့အလယ် ပိုင်းကို ကူးစက်သွားသော ဂါဇာစစ်ပွဲ၏ ပထမနှစ်ပတ်လည်တွင် အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို မြေပြင် စီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိစဉ် အောက်တိုဘာ ၇ ရက်၌ ဟစ်ဇဘိုလာက အစ္စရေးတတိယ အကြီးဆုံးမြို့ ဟိုင်ဖာကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်။

ထို့ပြင် လက်ဘနွန်ရောက် အစ္စရေးမြေပြင်တပ်ဖွဲ့များက ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု အဆောက်အအုံကို ပစ်ခတ်ခဲ့သည် ဟု စွပ်စွဲခံနေရချိန် အောက်တိုဘာ ၁၀ ရက်တွင် ဘေရွတ်အလယ်ပိုင်းကို အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးသွားခဲ့သည်။

အစ္စရေး တိုက်ခိုက်မှုအများစုသည် ဘေရွတ်တောင်ပိုင်း ဧရိယာကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ဘေရွတ်အလယ်ပိုင်းကို ပစ်မှတ်ထားခြင်းမဟုတ်ဟု ဆိုသည်။

လက်ဘနွန်ရှိ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်က ၎င်းတို့နေရာယူထားသော နေရာများကို အစ္စရေးစစ်သားများက အကြိမ်ကြိမ်ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။ တင့်ကားတစ်စီးကပါ ပစ်ခတ် ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်က အင်ဒိုနီးရှား စစ်သားနှစ်ဦး ဒဏ်ရာရသွားခဲ့သည်ဟု ဆိုသည်။ ကုလသမဂ္ဂငြိမ်းချမ်းရေး မစ်ရှင်တိုက်ခိုက်ခံရသည့် နေ့နှင့်တစ်နေ့တည်းတွင် ဘေရွတ်မြို့လယ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ကုလသမဂ္ဂငြိမ်းချမ်းရေး မစ်ရှင်ကို တိုက်ခိုက်မှုသည် တာဝန်မသိခြင်းဖြစ်ပြီး လက်မခံနိုင်သော တိုက်ခိုက်မှုဖြစ်သည်ဟု အီးယူအကြီးအကဲ ချားလ်မီရှယ်က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ အီတလီနှင့်စပိန်တို့က ယင်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီးနောက် အီးယူအကြီးအကဲ၏ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။     

Ref:AFP

 

Most Read

Most Recent