အီရန်ကိစ္စ အမေရိကန်သမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို့ ဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီးက အီရန်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ပြောကြား

အီရန်ကိစ္စ အမေရိကန်သမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို့ ဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီးက အီရန်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ပြောကြား
■Photo: AFP
■Photo: AFP
Published 10 October 2024

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့သည် အီရန်နှင့်တင်းမာမှုများကြားထဲ အောက်တိုဘာ ၉ ရက်တွင် ဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်က အီရန်ကို အစ္စရေး၏တိုက်ခိုက်မှုသည် ပြင်းထန်မည်၊ တိကျမည်၊ အံ့အားသင့်စရာကောင်းမည်ဟု ပြောကြားခဲ့သည်။

မိနစ် ၃၀ ကြာ ဖုန်းစကားပြောမှုသည် သြဂုတ်လနောက်ပိုင်း ဘိုင်ဒင်နှင့်နေတန်ယာဟုတို့ ပထမဆုံး ဖုန်းဆက်စကားပြောမှုဖြစ်ပြီး အီရန်နှင့်အစ္စရေး ပဋိပက္ခ၊ အီရန် ကျောထောက်နောက်ခံပေးထားသော ဟစ် ဇဘိုလာနှင့်အစ္စရေးတို့ ပြင်းထန်သောပဋိပက္ခမြင့်တက်မှုတို့ဖြစ်ပေါ်နေချိန်တွင် ၎င်းတို့နှစ်ဦး ဖုန်းဆက်ဆွေးနွေးခြင်းဖြစ်သည်။

ဖုန်းဆက်စကားပြောမှုသည် ပွင့်ပွင့်လင်းလင်းရှိပြီး အကျိုးဖြစ်ထွန်းသည်ဟု အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ ကာရင်းဂျင်းပီယာက သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့ရာတွင် ခေါင်းဆောင်နှစ်ဦးသည် သဘောမတူသည့်ကိစ္စများလည်းရှိခဲ့ပြီး ထိုကိစ္စများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ဘနွန်ကို အစ္စရေး၏စစ်ရေးတုံ့ပြန်မှုအား လက်စားချေသည့်အနေဖြင့် အီရန်က အောက်တိုဘာ ၁ ရက်တွင် အစ္စရေးကို ဒုံးကျည်အတွဲလိုက်ပစ်ကာ တိုက်ခိုက်ခဲ့ခြင်းအား အစ္စရေးလက်တုံ့ပြန်မည့်အနေအထား ကြောင့် အရှေ့အလယ်ပိုင်းသည် ခြေမကိုင်မိလက်မကိုင်မိ အနေအထားဖြစ်နေသည်။ အီ ရန်၏တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် တစ်ဦး သေဆုံးခဲ့သည်။

အောက်တိုဘာ ၁ ရက် အီရန်တိုက်ခိုက်မှုသည် အောင်မြင်မှုမရဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ကို ဘယ်သူက တိုက်ခိုက်သည်ဖြစ်စေ တိုက်ခိုက်သူဟာ နာကျင်ရပါလိမ့်မယ်။ တန်ရာတန်ဖိုး ပေးဆပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုဟာ ပြင်းထန်ပါလိမ့်မယ်။ တိကျပါလိမ့်မယ်။ ကုန်ကုန် ပြောရရင် အံ့အားသင့်စရာကောင်းပါလိမ့်မယ်။ ဘာဖြစ်ပျက်သွားခဲ့တာ၊ ဘယ်လိုဖြစ် ပျက်သွားတာလဲဆိုတာကို သူတို့က နားမလည်ပါဘူး။ သူတို့ဟာ ရလဒ်တွေကို မြင်ရပါလိမ့်မယ်”ဟု ဂျိုးဘိုင်ဒင်နှင့်နေတန်ယာဟုတို့ ဖုန်းစကားပြောခဲ့ပြီးနောက် ထုတ်ပြန်သော ဗီဒီယိုတွင် ဂါးလန့်က ပြောကြားထားသည်။

ရန်သူတော် အီရန်သည် ဒုံးကျည်တိုက်ခိုက်မှုအတွက် ပေးဆပ်ရလိမ့်မည်ဟု နေတန်ယာဟုက ပြောကြားထားသည်။ အစ္စရေး၏လက်စားချေမှုမှန်သမျှသည် ကြီးမားသော ပျက်စီးမှုတို့နှင့်ကြုံတွေ့သွားရ လိမ့်မည်ဟု အီရန်ကလည်း သတိပေးထားသည်။    

“အီရန်မှာရှိတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုမှန်သမျှဟာ အင်အားပိုလို့တောင်ကြီးမားတဲ့ တုံ့ပြန်မှုကိုဖြစ်ပေါ်စေပါလိမ့်မယ်”ဟု နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရပ်ဂျ်ချီ၏ပြောစကားကို အီရန် အစိုးရပိုင်မီဒီယာက ကိုးကားဖော်ပြခဲ့သည်။

အီရန်က အစ္စရေးကို ဒုံးကျည်အတွဲ လိုက်ပစ်ခတ်ကာ တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးဘက်က လက် တုံ့ပြန်သည့်အခါ အီရန်၏ရေနံချက်စက်ရုံများသို့မဟုတ် နျူကလီးယားနေရာများကို တိုက်ခိုက်လာနိုင်သည့်အလားအလာကို  အောက်တိုဘာ ၈ ရက်တွင် အီရန်က သတိပေးခဲ့သည်။            

Ref: Reuters

Most Read

Most Recent