တိုက်ပွဲပြင်းထန်နေသော လက်ဘနွန်၌ အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲရန် အမေရိကန်နှင့် မဟာမိတ်များက တောင်းဆို

တိုက်ပွဲပြင်းထန်နေသော လက်ဘနွန်၌ အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲရန် အမေရိကန်နှင့် မဟာမိတ်များက တောင်းဆို
လက်ဘနွန်မှထွက်ပြေးလာသူများ ဆီးရီးယားနယ်စပ်သို့ ရောက်လာပုံကို စက်တင်ဘာ ၂၅ ရက်တွင်တွေ့ရစဉ်(Photo: AFP)
လက်ဘနွန်မှထွက်ပြေးလာသူများ ဆီးရီးယားနယ်စပ်သို့ ရောက်လာပုံကို စက်တင်ဘာ ၂၅ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 26 September 2024

လက်ဘနွန်နိုင်ငံကို အင်အားအပြည့်သုံးသော စစ်ပွဲအတွင်း သက်ဆင်းသွားစေရန် ခြိမ်းခြောက်နေသော အစ္စရေးနှင့်ဟစ်ဇဘိုလာတို့၏တိုက်ပွဲများ သိသိသာသာအရှိန်မြင့် တက်လာသည့်အနေအထားတွင် ၂၁ ရက် ကြာ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက တောင်းဆိုခဲ့သည်။

အစ္စရေးက လက်ဘနွန်တစ်ဝန်းရှိ ဟစ်ဇဘိုလာ အမာခံနယ်မြေများကို ယခုသီတင်းပတ်ထဲတွင် လေကြောင်းမှ ဗုံးကြဲခဲ့သောကြောင့် လူရာချီသေဆုံးခဲ့သည်။ ထို့ကြောင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာ ကလည်း အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပဲ့ထိန်းဒုံးကျည်တစ်စင်းက တဲလ်အဗစ်မြို့ကို ပစ်မှတ်ထားခဲ့သည်ဟု ဟစ်ဇဘိုလာက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်အကြီးအကဲကလည်း ဟစ်ဇဘိုလာကို မြေပြင်ထိုးစစ်ဆင်မည့်အနေအထားအတွက် ပြင်ဆင်ထားရန် ပြောကြားခဲ့ခြင်းကြောင့် နှစ်ဖက်တိုက်ပွဲ ပိုမိုဆိုးရွားလာနိုင်သည်ဟူသော စိုးရိမ်မှုများမြင့် တက်လာခဲ့သည်။

လက်ဘနွန် အရှေ့ပိုင်းရှိ ဘားလ်ဘက်ရှေးဟောင်းမြို့အနီးက နေရာများကို အစ္စရေး ၏ဗုံးကြဲတိုက်ခိုက်မှုများသည် လွန်ခဲ့သောရက်ပိုင်းတွင် အပြင်းထန်ဆုံးဖြစ်သည်ဟု လက်ဘနွန်အစိုးရပိုင် အမျိုးသားသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

မိမိတို့သည် တစ်ချိန်လုံး ထိတ်လန့်ကြောက်ရွံ့မှုဖြင့် နေထိုင်ခဲ့ကြရသည်ဟု ဘားလ်ဘတ်တွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် ကျောင်းသူနူအာဟာမက်က ပြောကြားခဲ့သည်။

“ကျွန်မတို့ မနက်ပိုင်းမှာ အိပ်ရာက နိုးပါ့မလားဆိုတာကို မသိရတဲ့အနေအထားမှာ လေးရက်ငါးရက်လောက် မအိပ်ခဲ့ရပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ဘနွန်က အခြေအနေသည် သည်းမခံနိုင်သော အနေအထားတစ်ရပ်ဖြစ်လာခဲ့ပြီး ယင်းအခြေအနေသည် အစ္စရေးပြည်သူများ အတွက်သာမက လက်ဘနွန်ပြည်သူများအတွက်လည်း မည်သူ၏အကျိုးအတွက် မျှမဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ပြင်သစ်သမ္မတအမ် မန်နျူရယ်မက်ခရွန်နှင့် အခြား မဟာမိတ်များကပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ကြသည်။

“သံတမန်ရေး  ကျေးအေးမှုရရှိအောင်ဆောင်ရွက်ဖို့ သံတမန်ရေးအတွက် အချိန်ရအောင် လက်ဘနွန်- အစ္စရေး နယ်စပ်ဒေသတစ်လျှောက်မှာ ချက်ချင်းလက်ငင်း ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ကျွန်တော်တို့ တောင်းဆိုပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အနောက်အင်အားကြီးများ၊ ဂျပန်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ယူအေအီးတို့က ပူးတွဲထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။    

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လက်ဘနွန်တွင် ချက်ချင်း အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုခဲ့ပြီး “ငရဲဟာ လွတ်ထွက်သွားပြီဖြစ်ပါတယ်”ဟု သတိပေးခဲ့သည်။

ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဟစ်ဇဘိုလာအမာခံနယ်မြေများတွင်နေထိုင်သူ ၉၀,၀၀၀ ဝန်းကျင်သည် နေအိမ်များကို စွန့်ခွာပြီး လက်ဘနွန်၏ပိုမိုဘေးကင်းသော နေရာကို ထွက်ခွာသွားခဲ့ကြသည်ဟု ကုလသမဂ္ဂကပြောသည်။အစ္စရေးက သံတမန်ရေးကို ကြိုဆိုခဲ့သော်လည်း အပစ်ရပ်မည်မဟုတ်ဆိုသည်။                     Ref: AFP

Most Read

Most Recent