ဖိလစ်ပိုင်နိုင်ငံတွင် သီတင်းပတ်ကုန်က တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး နောက်မြေပြိုမှုဖြစ်ပွားပြီး လူခုနစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက နိုဝင် ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
နျူဗာဗစ်ဇ်ကာရာပြည်နယ်တွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် အေဂျင်စီမှ ခရစ်တင်းဖယ်ကွန်က ပြောကြားခဲ့ကာ တိုင်ဖွန်းမန်-ယီကြောင့် သေဆုံးသူစုစုပေါင်း ရှစ်ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆဌမမြောက်မုန်တိုင်း မန်-ယီကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့ကာ လူတစ်ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် နိုဝင်ဘာ ၁၈ ရက်က ဒေသခံများသည် လဲကျနေသော သစ်ပင်များကို ရှင်းလင်းခဲ့ပြီး ပျက်စီးသွား သောနေအိမ်များကို ပြန်လည်ပြင်ဆင်ခဲ့သည်။
အမျိုးသားမိုးလေဝသဌာနက မုန်တိုင်း၏ သက်ရောက်မှုသည် အလွန်ပြင်းထန်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသော်လည်း သမ္မတဖာဒီနန်မားကို့စ်ကမူ မုန်တိုင်းသည် လူအများစိုးရိမ်နေသကဲ့သို့ မဆိုးရွား ကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
မန်-ယီသည် နိုဝင်ဘာ ၁၆ ရက်နှောင်းပိုင်းက လူဦးရေ အနည်းငယ်ထူထပ်သော ကာတန်ဒူရာနက်စ်ကျွန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းကြောင့် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၁၅ မိုင်နှုန်းအထိ ပြင်းထန် ခဲ့ကာ နိုဝင်ဘာ ၁၇ ရက်နေ့လယ်ခင်းအချိန်တွင် လူဇွန်ကျွန်းကို ဆက်လက်ဝင်ရောက်ခဲ့သည်။မုန်တိုင်းကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များလဲကျပြီး သစ်သားအိမ်များ ပျက်စီးခဲ့ကာ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သော်လည်းပြင်း ထန်ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းမရှိပေ။
“မန်-ယီမုန်တိုင်းက အားပြင်းတယ်ဆိုပေမယ့် သူ့ရဲ့သက်ရောက်မှုတော့ ကျွန်တော်တို့ စိုးရိမ်နေသလောက်လဲ မဆိုးရွားပါဘူး” ဟု မားကို့စ်က ပြောကြားခဲ့သည်။
ကာမာရင်းနော့တီပြည်နယ်တွင် လူတစ်ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့၏ ပြောပြချက်အရ အသက် ၇၉ နှစ်အရွယ်အမျိုးသားက ၎င်း၏ မော်တော်ဆိုင်ကယ်သည် ဓာတ်ကြိုးနှင့်ငြိမိပြီးနောက် ဓာတ်လိုက်သေဆုံး ခဲ့သည်ဟု ဆိုသည်။
“အခုချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ ဝေးလံခေါင်သီတဲ့နေရာတွေက လူတွေကို ကယ်တင်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး ကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေရသူတွေ၊ ကိုယ်ပိုင်အစားအစာတွေကိုမချက် နိုင်တဲ့သူတွေနဲ့ သောက်သုံးရေမရှိတဲ့သူတွေကို ဆက်လက်ကူညီပေးနေပါတယ်”ဟု မားကို့စ်က ပြောကြားခဲ့သည်။
မန်-ယီကြောင့် ဓာတ်တိုင်များ လဲကျခဲ့ပြီးနောက် ကာတန်ဒူရာ နက်စ်ပြည်နယ်တစ်ဝန်းတွင် လျှပ်စစ်ဓာတ်အား လနှှင့်ချီ၍ ပြတ်တောက်နိုင်ကြောင်း ပြည်နယ်သတင်းအချက်အလက်အရာရှိ ကာမီလ်ဂျီရာနန်က ဆိုသည်။
“ကာတန်ဒူရာနက်စ်ဟာ ဒီတိုင်ဖွန်းကြောင့် တော်တော်လေး ထိခိုက်ပျက်စီးသွားပါတယ်။ ကျွန်တော်တို့ အစာထုတ်တွေ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေးကိရိယာတွေ လိုအပ်ပါတယ်”ဟု ဂျီရာနန်ကဆိုသည်။
မန်-ယီသည် ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်သည် ဆဌမမြောက် မုန်တိုင်းဖြစ်သည်။ ဖိလစ်ပိုင်တွင် ယခင်တိုက်ခတ်ခဲ့သော မုန်တိုင်းများကြောင့် လူ ၁၆၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်းထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ကောက်ပဲသီးနှံ အများအပြားဆုံးရှုံး ခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်များလည်း သေဆုံးခဲ့သည်။ နှစ်စဉ် ဖိလစ်ပိုင် သို့မဟုတ် ၎င်း၏အနီးဝန်းကျင်ရေပြင်တွင် မုန်တိုင်းကြီးများနှင့် တိုင်ဖွန်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်မှုကြောင့် လူအများအပြား သေဆုံးလေ့ရှိသည်။
Ref:AFP