ONE Friday Fights 88 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ထွန်းမင်းအောင်နှင့် မော်ရိုကိုဖိုက်တာ ဇာဟီဒီ ယှဉ်ပြိုင်ထိုးသတ်မည်

ONE Friday Fights 88 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ထွန်းမင်းအောင်နှင့် မော်ရိုကိုဖိုက်တာ ဇာဟီဒီ ယှဉ်ပြိုင်ထိုးသတ်မည်
Photo: ONE
Photo: ONE
Published 18 November 2024

မြန်မာလူငယ်ဖိုက်တာ ထွန်းမင်းအောင်သည် ယခုတစ်ပတ်ကျင်းပမည့် ONE Friday Fights 88 ပြိုင်ပွဲတွင် မော်ရိုကိုဖိုက်တာ အက်ဘ်ဒယ်လာဇီဇာဟီဒီနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။

ONE Friday Fights 88 ပြိုင်ပွဲကို လာမည့်နိုဝင်ဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ဆိုင်းပါဝင်မည်ဖြစ်ပြီး မြန်မာလူငယ်ဖိုက်တာ ထွန်းမင်းအောင်နှင့် မော်ရိုကိုဖိုက်တာ ဇာဟီဒီတို့သည် ပွဲစဉ် ၄ ၌ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

မြန်မာလူငယ်ဖိုက်တာ ထွန်းမင်းအောင်နှင့် မော်ရိုကိုဖိုက်တာ ဇာဟီဒီတို့သည် မွေထိုင်း Catchweight (၁၅၈ ပေါင်) တန်း၌ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

မြန်မာလူငယ်ဖိုက်တာ ထွန်းမင်းအောင်သည် ONE Championship နှင့် လက်တွဲပြီးနောက် ONE Friday Fights ပြိုင်ပွဲတွင် မွေထိုင်းပွဲနှစ်ပွဲ ထိုးသတ်ထားရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။

အသက် ၁၈ နှစ်သာရှိသေးသည့်  မြန်မာလူငယ်ဖိုက်တာ ထွန်းမင်းအောင်သည် ONE Friday Fights ၏ ပွဲဦးထွက်အဖြစ် ပြီးခဲ့သည့်မေလအတွင်းက ရုရှားဖိုက်တာ ဒီမီထရီခီရိဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

ထွန်းမင်းအောင်သည် ONE Friday Fights  ဒုတိယပွဲအဖြစ် ပြီးခဲ့သည့်ဇူလိုင်အတွင်းက ဗီယက်နမ်ဖိုက်တာ တူရန်ကွာထရန်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ တတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပွဲတွင် ထွန်းမင်းအောင်သည် ဗီယက်နမ်ဖိုက်တာ တူရန်ကွာထရန်ကို တံတောင်ရိုက်ချက်ဖြင့် အလဲထိုးအနိုင်ယူခဲ့သောကြောင့် ONE Championship CEO ချက်ထရီ၏ အပိုဆုကြေး ဘတ်သုံးသိန်းခွဲရရှိ ခဲ့ကြောင်း သိရသည်။

လာမည့်နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပမည့်  ONE Friday Fights 88 ပြိုင်ပွဲမှာ မြန်မာလူငယ်ဖိုက်တာ ထွန်းမင်းအောင်၏ မွေထိုင်းတတိယပွဲဖြစ်ပြီး ပုံစံကောင်း ပြသရန်လိုအပ်မည်ဖြစ်သည်။

ထွန်းမင်းအောင်သည် မြန်မာ့ရိုးရာလက်ဝှေ့ကျော် နာမည်ကြီးဖိုက်တာ ထွန်းထွန်းမင်း၏ ညီအရင်းဖြစ်သည်။

မြန်မာလူငယ်ဖိုက်တာ ထွန်းမင်းအောင်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် မော်ရိုကိုဖိုက်တာ ဇာဟီဒီသည် အသက် ၂၅ နှစ်၊ အရပ် ၅ ပေ ၁၁ လက်မရှိပြီး ထွန်းမင်းအောင်နှင့် အရပ်အမောင်းတူညီလျက်ရှိသည်။

မော်ရိုကိုဖိုက်တာ ဇာဟီဒီသည် မွေထိုင်းပွဲ ၃၄ ပွဲ ထိုးသတ်ထားရာ ပွဲ ၃၀ အနိုင်ရထားပြီး ၄ ပွဲ ရှုံးနိမ့်ထားသည်။

မော်ရိုကိုဖိုက်တာ ဇာဟီဒီသည် မြန်မာလူငယ်ဖိုက်တာထွန်းမင်းအောင်ထက် မွေထိုင်းပွဲအတွေ့အကြုံ များစွာသာလွန်သူဖြစ်ပြီး နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရထားသူလည်းဖြစ်သည်။

မော်ရိုကိုဖိုက်တာ ဇာဟီဒီသည် ပြီးခဲ့သည့်စက်တင်ဘာအတွင်းက LWC Super Champ 63 ပြိုင်ပွဲတွင် ဂျာမနီဖိုက်တာကို အမှတ်ဖြင့် အနိုင်ရရှိထားသလို အောက်တိုဘာအတွင်းကျင်းပသည့် LWC Super Champ 68 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာကို အမှတ်ဖြင့် အနိုင်ရရှိထားသည်။

မော်ရိုကိုဖိုက်တာ ဇာဟီဒီသည် ONE Friday Fights တွင်မူ ပထမဆုံးထိုးသတ်ခြင်းဖြစ်သည်။    

Most Read

Most Recent