VAR ဒိုင်ကို ဝေဖန်သည့် နော်တင်ဟမ်အသင်း ပေါင်(၇၅၀၀၀၀) ဒဏ်ရိုက်ခံရ

VAR ဒိုင်ကို ဝေဖန်သည့် နော်တင်ဟမ်အသင်း ပေါင်(၇၅၀၀၀၀) ဒဏ်ရိုက်ခံရ
Photo: Sky Sports
Photo: Sky Sports
Published 14 October 2024

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွင် VAR ဒိုင်ဖြစ်သူ စတူးအပ်အတ်ဝဲလ်ကို ဝေဖန်ခဲ့သည့် နော်တင်ဟမ်အသင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) က ဒဏ်ကြေးပေါင်(၇၅၀၀၀၀) ချမှတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရာသီ ပွဲစဉ် (၃၄)အဖြစ် ဧပြီ ၂၁ ရက်က ယှဉ်ပြိုင်ကစားသည့် အဲဗာတန် (၂-၀) နော်တင်ဟမ်ပွဲစဉ်အပြီးတွင် ယင်းပွဲကို တာဝန်ယူခဲ့သည့် VAR ဒိုင် မှာ လူတန်အသင်း၏ ပရိသတ်တစ်ဦးဖြစ်ကြောင်း၊ ယင်းပွဲတွင် မိမိတို့ရရှိသင့်သည့် ပယ်နယ်တီသုံးကြိမ်ကို ခွင့်မပြုခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်း၊ စိတ်ရှည်သည်းခံမှုကို အကြိမ်ကြိမ် စမ်းသပ်ခံရပြီးဖြစ်သောကြောင့် ရွေးချယ်စရာများကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း နော်တင်ဟမ်အသင်းက ၎င်းတို့၏ တရားဝင် X အကောင့်တွင် ဝေဖန်ရေးသားခဲ့သည်။

နော်တင်ဟမ်အသင်းမှာ ထိုအချိန်က တန်းဆင်းဇုန်မှ လွတ်မြောက်ရန် လူတန်အသင်းနှင့်အပြိုင် ရုန်းကန်နေရချိန်ဖြစ်သည်။

နော်တင်ဟမ်အသင်း၏ စွပ်စွဲရေးသားမှုမှာ စည်းမျဉ်း E 3.1  ချိုးဖောက်သည်ဟုဆိုကာ FA က ဒဏ်ကြေးပေါင်(၇၅၀၀၀၀)ချမှတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး သတိပေးမှုလည်း ပြုလုပ်ခဲ့သည်။

နော်တင်ဟမ်အသင်းကမူ ပြစ်ဒဏ်ချမှတ်သည့် ဆုံးဖြတ်ချက်အပေါ် အလွန်စိတ်ပျက်မိကြောင်းနှင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ကြေညာထားသည်။

Most Read

Most Recent