တယ်ဒယ်စကို၏လက်အောက်တွင် ဘယ်လ်ဂျီယံအသင်းအတွက် ကစားပေးမည်မဟုတ်ဟု ကော်တိုအာ ဖွင့်ဟ

တယ်ဒယ်စကို၏လက်အောက်တွင် ဘယ်လ်ဂျီယံအသင်းအတွက် ကစားပေးမည်မဟုတ်ဟု ကော်တိုအာ ဖွင့်ဟ
Photo:BBC
Photo:BBC
Published 24 August 2024

 

ရီးယဲလ်မက်ဒရစ်အသင်းဂိုးသမား တီဘိုးကော်တိုအာက ဘယ်လ်ဂျီယံအသင်းနည်းပြ ဒိုမီနီကိုတယ်ဒယ်စကို၏လက်အောက်တွင် လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကော်တိုအာ (၃၂ နှစ်) သည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း အသင်းခေါင်းဆောင် တာဝန်မပေးအပ်သည့်ကိစ္စနှင့်ပတ်သက်၍ တယ်ဒယ်စကိုနှင့် ပြဿနာဖြစ်ပွားခဲ့ဖူးပြီး ယူရို-၂၀၂၄ ခြေစစ်ပွဲကစားမည့် လူစာရင်းမှ နုတ်ထွက်ခဲ့သည်။ 

ထို့နောက် ကော်တိုအာ သည် ACL ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ပြန်လည်ကစားနိုင်ခဲ့သော်လည်း ယူရို- ၂၀၂၄ ပြိုင်ပွဲအတွက် လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။

သို့ဖြစ်ရာ ကော်တိုအာက "ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းဆီ ပြန်မလာဖို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ ဒီကိစ္စအတွက် ကျွန်တော့်မှာ တာဝန်ခွဲဝေမှုရှိတာကို လက်ခံပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ ခင်မင်ရင်းနှီးမှုကို ထိန်းထားနိုင်ဖို့အတွက် သူ့အပေါ် ယုံကြည်မှု မရှိခြင်းက အထောက်အကူမဖြစ်စေနိုင်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်နဲ့ ကျွန်တော် အကြိမ်ကြိမ်ဆွေးနွေးပြီးပါပြီ။ ကျွန်တော့်ရဲ့ ရပ်တည်မှုနဲ့ ဒီလိုနာကျင်မှုဖြစ်စေခဲ့တဲ့ အကြောင်းရင်းတွေကို သူတို့လက်ခံပါတယ်" ဟု Instagram မှတစ်ဆင့် ပြောကြားခဲ့သည်။

ကော်တိုအာသည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် ၂၀၁၁ မှ ၂၀၂၃ ခုနှစ်အထိ ၁၀၂ ပွဲကစားပေးထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တတိယရရှိခဲ့ဖူးသည်။

Most Read

Most Recent