သီရိလင်္ကာရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် လက်ဝဲယိမ်းခေါင်းဆောင်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

သီရိလင်္ကာရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် လက်ဝဲယိမ်းခေါင်းဆောင်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
Published 23 September 2024
Ref:AFP

စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သည့် သီရိလင်္ကာသမ္မတရွေးကောက်ပွဲတွင် လက်ဝဲယိမ်းခေါင်းဆောင်တစ်ဦးဖြစ်သည့် အနူရာကူမာရာဒစ္စနာယာကာသည် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၃ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ဒစ္စနာယာကာက နိုင်ငံအတွင်း မကြုံစဖူး စီးပွားရေးအကျပ်အတည်းဖြစ်ပွားခဲ့သဖြင့် ဆူပူအုံကြွမှုများဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံရေးလောကအပေါ် လူထု၏ ယုံကြည်မှုကို ပြန်လည်ရရှိစေရန်လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။

သူ့ကိုယ်သူ မာ့စ်ဝါဒီတစ်ဦးအဖြစ် ကြေညာထားသည့် ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (JVP) ပါတီခေါင်းဆောင် ဒစ္စနာယာကာသည် ကိုလံဘိုမြို့တော်ရှိ ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သည့် သမ္မတရုံးတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ်သည်။

လူပေါင်းသောင်းချီသေဆုံးခဲ့သည့် အောင်မြင်မှုမရခဲ့သော ဆူပူအုံကြွမှုနှစ်ခုကို ဦးဆောင်ခဲ့သည့် JVP ပါတီ၏ ခေါင်းဆောင် ဒစ္စနာယာကာသည် ယခင်က လူသိများထင်ရှားသည့် နိုုင်ငံရေးသမားတစ်ဦး မဟုတ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံအတွင်း စီးပွားရေးပြိုလဲပြီး အခြေခံလူတန်းစားများ စားဝတ်နေရေးခက်ခဲသည့်အခြေအနေနှင့်ကြုံတွေ့ခဲ့ရပြီးနောက် ၎င်းအပေါ် လူထုထောက်ခံမှုနှုန်း တစ်ရှိန်ထိုးမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အသက် ၅၅ နှစ်အရွယ် ဒစ္စနာယာကာ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို လွှတ်တော်အမတ်များ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် စစ်တပ်အရာရှိများတက်ရောက်ခဲ့ကြသည်။

“နိုင်ငံရေးသမားတွေအပေါ် ပြည်သူတွေရဲ့ယုံကြည်မှု အပြည့်အဝပြန်လည်ရရှိ အောင်ထိန်းသိမ်းဖို့ ကျွန်တော်အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော်ဟာ မျက်လှည့်ဆရာ၊ မှော်ဆရာတစ်ဦးမဟုတ်ပါဘူး။ ကျွန်တော်သိတဲ့အကြောင်းအရာတွေရော မသိသေးတဲ့အကြောင်းအရာတွေပါရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အကောင်းဆုံးအကြံဉာဏ်တွေကို ရယူသွားပြီး အကောင်းဆုံးကြိုးစားသွားမှာ။ အဲဒီအတွက် လူတိုင်းရဲ့ ထောက်ခံမှုကို လိုအပ်ပါတယ်” ဟု ဒစ္စနာယာကာက ပြောကြားခဲ့သည်။

ဒစ္စနာယာကာသည် ရာထူးမှထွက်ခွာသွားသည့် သမ္မတရာနေးလ်ဝီကရီမီဆင်းဟီ နေရာကို ဆက်ခံသူဖြစ်လာခဲ့သည်။

ဝီကရီမီဆင်းဟီသည် နိုင်ငံအတွင်း ပြည်ပကြွေးမြီအကျပ်အတည်း၊ အစားအစာ၊ ဆေးဝါးနှင့် လောင်စာများပြတ်လပ်မှုတို့ကြောင့် ဘဏ္ဍာရေးအကျပ်အတည်းများ အမြင့်ဆုံးအချိန်တွင် သမ္မတအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

အသက် ၇၅ နှစ်အရွယ် ဝီကရီမီဆင်းဟီသည် အခွန်များတိုးမြှင့်ကောက်ခံခြင်းနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲကထံမှ ချေးငွေရယူရန် လိုအပ်သည့်သတ်မှတ်ချက်များအရ ခြိုးခြံချွေတာရေးအစီအစဉ်များကို ကျင့်သုံးခဲ့သည်။

၎င်း၏ မူဝါဒများကြောင့် အခြေခံကုန်ပစ္စည်းများပြတ်လပ်သည့်ပြဿနာများ အဆုံးသတ်သွားခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း သန်းနှင့်ချီသည့် ပြည်သူများသည် စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရသည်။

လက်ရှိတွင် သမ္မတသစ်ဒစ္စနာယာကာသည် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းမည်ဖြစ်သည်။

 

Most Read

Most Recent