တိုင်ဖွန်း မန်-ယီသည် မုန်တိုင်းကို ငြီးငွေ့နေပြီဖြစ်သော ကျွန်းဆွယ်နိုင်ငံ ဖိလစ်ပိုင်နှင့် နီးကပ်လာပြီဖြစ်သောကြောင့် ဖိလစ်ပိုင်အာဏာပိုင်များက သင်္ဘောအားလုံး ကမ်းခြေသို့ ပြန်လာကြရန်နှင့် ကမ်းရိုးတန်းမြို့ရွာများတွင် နေထိုင်သူများ နေအိမ်များကို စွန့်ခွာကြရန် နိုဝင်ဘာ ၁၆ ရက်တွင် ညွှန်ကြားခဲ့သည်။
မန်-ယီ တိုင်ဖွန်းမုန်တိုင်းသည် ကုန်းတွင်းကို ဝင်မလာမီ အားကောင်းလာမည်ဟု မိုးလေဝသခန့်မှန်းသူများက သတိပေးထားသည်။
မန်-ယီသည် တစ်လအတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်မည့် ဆဌမမြောက် မုန်တိုင်ကြီး ဖြစ်သည်။
လွန်ခဲ့သောလတွင် ဝင်ရောက်ခဲ့သည့် မုန်တိုင်းများကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး ၁၆၃ ဦးသေဆုံးခဲ့ပြီး လူထောင်ချီ အိုးအိမ်မဲ့ခဲ့ရကာ ကောက်ပဲသီးနှံများနှင့် ခြံမွေးတိရစ္ဆာန်များ ပျက်စီးခဲ့ရသည်။
တစ်နာရီကို ၂၁၅ ကီလိုမီတာ(တစ်နာရီ ၁၃၃ မိုင်)ရှိသော လေပြင်းများနှင့်အတူ မန်-ယီသည် နိုဝင်ဘာ ၁၆ ရက် ညပိုင်းသို့မဟုတ် နိုဝင်ဘာ ၁၇ ရက်တွင် ဖိလစ်ပိုင်၏ လူနေကျဲပါးသော ကာတာဒူအာနက်စ်ပြည် နယ်(ကျွန်းစုပြည်နယ်)ကို ဝင်ရောက်မည့် လမ်းကြောင်းတွင် ရှိနေသည်။
မြေပြိုခြင်း၊ရေကြီးခြင်း၊ မုန်တိုင်းဒီရေတက်ခြင်းစသော အန္တရာယ်ရှိနေသော ဒေသများ၌ နေထိုင်သူ ၂၅၅,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးထားပြီးပြီဟု ဒုတိယပြည်ထဲရေးဝန်ကြီး မာလိုအာရင်ဂန်က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင် သို့မဟုတ် ဖိလစ်ပိုင်အနီး ရေပြင်ကို တစ်နှစ်လျှင် မုန်တိုင်းကြီးများနှင့် တိုင်ဖွန်းမုန်တိုင်းကြီးများ အကြိမ် ၂၀ ခန့် ဝင်ရောက်သဖြင့် လူအများအပြားသေဆုံးခဲ့ သည်။
Ref:AFP