ပျဉ်းမနားမြို့ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား နစက ဥက္ကဋ္ဌ သွားရောက်တွေ့ဆုံခဲ့ပြီး ဆုံးရှုံးရမှုများအတွက် စိတ်မကောင်းကြောင်းနှင့် မူလအခြေအနေအတိုင်းဖြစ်ရန် အတတ်နိုင်ဆုံး ကူညီသွားမည်ဟု ပြောကြား

ပျဉ်းမနားမြို့ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား နစက ဥက္ကဋ္ဌ သွားရောက်တွေ့ဆုံခဲ့ပြီး ဆုံးရှုံးရမှုများအတွက် စိတ်မကောင်းကြောင်းနှင့် မူလအခြေအနေအတိုင်းဖြစ်ရန် အတတ်နိုင်ဆုံး ကူညီသွားမည်ဟု ပြောကြား
Published 18 September 2024

ပျဉ်းမနားမြို့ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား နစက ဥက္ကဋ္ဌ သွားရောက်တွေ့ဆုံခဲ့ပြီး ဆုံးရှုံးရမှုများအတွက် စိတ်မကောင်းကြောင်းနှင့် မူလအခြေအနေအတိုင်းဖြစ်ရန် အတတ်နိုင်ဆုံးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့(စက်တင်ဘာ ၁၈ ရက်)နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေး စကားပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံရာတွင် " သဘာဝဘေးအန္တရာယ်ဆိုတာက ရှောင်ရှားလို့မရဘူးပေါ့ဗျာ၊ တကယ်တော့ စိတ်မကောင်းဘူးပေါ့လေ၊ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုဆိုတဲ့ဟာထဲမှာလည်း ခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုများပါသလို၊ နိုင်ငံတော်ကတည်ဆောက်ထားတဲ့ လမ်းတို့၊ တံတားတို့၊ အဆောက်အဦတွေ၊ စက်ရုံအလုပ်ရုံတွေ၊ လျှပ်စစ်ဓာတ်ပေးဝေရေး လုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဒါတွေလည်း နိုင်ငံတော်ရဲ့ဆုံးရှုံးသွားတာပဲ၊ ခင်ဗျားတို့လည်း ခင်ဗျားတို့ ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတာပဲ၊ ခုနက ကျွန်တော်မေးတယ်၊ ဘာတွေ ရခဲ့လဲဆိုတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုတည်းလို့ ဖြေတဲ့သူလဲပါတယ်၊ တစ်ချို့လည်း ရတဲ့ဟာတွေ ကောက်ဆွဲလာရတာတွေ ပါတယ်၊ တစ်ချို့လည်း နောက်ဆုံးတော့ သွားနေကျဈေးခြင်းလေးပါလာတယ်၊ ဘာပစ္စည်းမှမပါဘူး၊ လူက အဲ့အချိန်မှာ ထူပူနေကြပြီကိုး၊ ဆွဲမိဆွဲရာဆွဲလာတာပေါ့၊ တော်သေးတယ်၊ ကလေးတွေ ပါလာလို့၊ ကျွန်တော်တို့ ဟိုဘက်မှာဆို ကလေးတွေပါသွားတာ ရှိပါတယ်၊ စိတ်လည်း မကောင်းပါဘူး၊ အတတ်နိုင်ဆုံးခင်ဗျားတို့ မူလအခြေအနေအတိုင်းဖြစ်အောင်တော့ ကျွန်တော်တို့ ကူညီပေးပါမယ်" ဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။

သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးမှုများအတွက်လည်း လူမှုဝန်ထမ်းဝန်ကြီးဌာနမှ လျော်ကြေးငွေများ ပေးမည်ဖြစ်ပြီး ဒဏ်ရာရရှိသူများကိုလည်း ဆေးကုသမှုအတွက် ထောက်ပံ့ကြေးများ ပေးအပ်နေကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နစက ဥက္ကဋ္ဌက " ပျက်စီးသွားတဲ့ အဆောက်အဦတွေအတွက်လည်း အခုကျွန်တော်တို့ တွက်နေပါတယ်။ လုံးဝပျက်သွား တဲ့အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ တစ်စိတ်တစ်ပိုင်းပျက်သွားတဲ့ အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ လုံးဝပျက်သွားတဲ့အိမ်မှာမှ တဲဆိုရင်ဘယ်လောက်ပေးမလဲ၊ ရိုးရိုး အိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တစ်ထပ်အိမ်ဆိုရင်ဘယ်လောက်ပေးမလဲ၊ နှစ်ထပ် အိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တတ်နိုင်သလောက် ကျွန်တော်တို့ပေးပါမယ်၊ ဖြစ်နိုင်သလောက် ဒေသနဲ့ကိုက်ညီတဲ့ဟာမျိုးတော့ ကျွန်တော်တို့စဉ်းစားပါတယ်"ဟု ပြောကြားသည်။

ထို့အပြင် သဘာဝဘေးအန္တရာယ်ကြောင့် ပိတ်ထားရသည် ကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုစားနေပြီး စာသင်ကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများအား ပြန်လည် ပို့ဆောင်ပေးကြရန်လည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နစက ဥက္ကဋ္ဌက " လက်ရှိအချိန်အခြေအနေမှာတော့ ဒုက္ခသုက္ခ ရောက်နေတာကိုတော့ ကိုယ်ချင်းစာပါတယ်၊ စိတ်လည်းမကောင်းပါဘူး၊ ကျွန်တော်တို့ တတ်နိုင်သလောက် နိုင်ငံတော်ပိုင်းကလည်း လုပ်ပေးပါမယ်၊ ကျွန်တော်တို့နိုင်ငံတင် မဟုတ်ပါဘူး၊ ကျွန်တော်တို့ အာရှတင်ပဲလားဆိုတော့မဟုတ်ဘူး၊ ဟိုဥရောပနိုင်ငံတွေ လည်းရေကြီးနေကြတာပဲ၊ သဘာဝကြီးကဖြစ်လာတာဖြစ်ပါတယ်၊ သဘာဝဘေး အန္တရာယ် တစ်ကမ္ဘာလုံးမှာဖြစ်နေကြတာဖြစ်တော့ ဒီအပေါ်မှာ ကျွန်တော်တို့က ကြံ့ကြံ့ခဲ့ပြီးတော့မှ လူထုရဲ့ကြံစည်မှုနဲ့၊ လုံ့လ၊ ဝီရိယနဲ့ အားထုတ်သွားမယ်ဆို လို့ရှိရင် တော့ ကျွန်တော်တို့ကျော်လွှားလို့ရမယ် ဆိုတာလေး ပြောချင်ပါတယ်၊ ဒီအတွက် မလျှော့တဲ့ဇွဲလုံ့လနဲ့ ဆက်ပြီးလုပ်သွားကြဖို့လည်း အားမွေးသွားကြဖို့လည်း ပြောလို ပါတယ်၊ ဒီမှာ အားမွေးသွားကြပါ၊ ပြန်ရောက်လို့ရှိရင်လည်း ထိုက်သင့်တဲ့ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ ကျွန်တော်တို့ ထောက်ပံ့ပေးပါမယ်၊ ကျွန်တော် ပြီးပြီးရော မလွှတ်ပါဘူး၊ အကုန်လုံးစီစဉ်ပေးပါမယ်" ဟု ပြောကြားသည်။

ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ စပါးစိုက်ခင်း၊ ပဲစိုက်ခင်း၊ နှမ်းစိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများ ပျက်စီးခဲ့ကြောင်း၊ စပါးစိုက်ပျိုးသူ တောင်သူများအနေဖြင့် ရေပြန်ကျချိန်တွင် စပါးတစ်သီးပြန်လည် စိုက်ပျိုးရန်အတွက် ခက်ခဲသွားကြောင်း၊ မည်သို့ပင်ဖြစ်စေ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ တတ်နိုင်သမျှ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မွေးမြူရေးများနှင့်ပတ်သက်၍လည်း မွေးမြူထားသည့် တိရစ္ဆာန်များ သေဆုံးခဲ့ မှုများရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန် အတွက်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင်လည်း စနစ်တကျဆောင်ရွက်ခြင်းအားဖြင့် အကျိုးကျေးဇူးများကို ပိုမိုရရှိခံစားနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ ရေဘေးသင့်ပြည်သူများကိုယ်စား ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့အပြင် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသည့် တပ်ကုန်းတပ်နယ်အတွင်းရှိ တပ်ဌာနချုပ်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent