မေဝယ်သာနှင့် ဂျွန်ဂေါ့တီ III တို့၏ သရုပ်ပြလက်ဝှေ့ပွဲ ဒုတိယအချီတွင် မေဝယ်သာနှင့် အချင်းများသဖြင့် ကြိုးဝိုင်းဒိုင် ပြောင်းလဲခဲ့ရ

မေဝယ်သာနှင့် ဂျွန်ဂေါ့တီ III တို့၏ သရုပ်ပြလက်ဝှေ့ပွဲ ဒုတိယအချီတွင် မေဝယ်သာနှင့် အချင်းများသဖြင့် ကြိုးဝိုင်းဒိုင် ပြောင်းလဲခဲ့ရ
Photo : Getty Images
Photo : Getty Images
Published 26 August 2024

နာမည်ကြီး အမေရိကန်လက်ဝှေ့သမားဟောင်း ဖလွိုက်မေဝယ်သာနှင့် တစ်နိုင်ငံတည်းသား ဂျွန်ဂေါ့တီ III တို့၏ သရုပ်ပြလက်ဝှေ့ပွဲ ဒုတိယအချီတွင် မေဝယ်သာနှင့် အချင်းများသဖြင့် ကြိုးဝိုင်းဒိုင်အပြောင်းအလဲ လုပ်ခဲ့ရကြောင်း သိရသည်။

မေဝယ်သာနှင့် ဂေါ့တီတို့၏ သရုပ်ပြပွဲစဉ်ကို မြန်မာစံတော်ချိန် သြဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် မက္ကဆီကိုနိုင်ငံရှိ Mexico City Arena ၌ ကျင်းပခဲ့သည်။ ယခုပွဲစဉ်မှာ ၎င်းတို့နှစ်ဦး၏ မကျေပွဲဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇွန်လက အမေရိကန်နိုင်ငံ၌ ထိုးသတ်စဉ် ကစားသမားနှစ်ဦးအချင်းများနေသဖြင့် ခြောက်ချီမြောက်တွင် ပွဲရပ်ဆိုင်းခဲ့ရသည်။

ယခုပွဲမှာ သရုပ်ပြပွဲစဉ်ဖြစ်သောကြောင့် ရှစ်ချီသာထိုးသတ်ပြီး အမှတ်ပေးခြင်းမရှိသလို အနိုင်အရှုံးသတ်မှတ်ခြင်းလည်းမရှိကြောင်း သိရသည်။ ဒုတိယအချီတွင် မေဝယ်သာ၏ လက်သီးချက် ဂေါ့တီ၏ ဦးခေါင်း အနောက်ဘက်ကို ထိသွားသဖြင့် ကြိုးဝိုင်းဒိုင်က သတိပေးမှုပြုလုပ်ခဲ့သည်။

သို့သော် မေဝယ်သာက ကြိုးဝိုင်းဒိုင်ကိုတွန်းဖယ်၍ ဆက်ထိုးရန် ကြိုးပမ်းသဖြင့် ၎င်းတို့နှစ်ဦး အချင်းများခဲ့ပြီး ပွဲကို နှစ်မိနစ်ခန့် ရပ်နားခဲ့ရသလို ဒိုင်အပြောင်းအလဲလုပ်ခဲ့ရခြင်းဖြစ်သည်။

မေဝယ်သာအနေဖြင့် ရှစ်ချီစလုံးလက်ရည် အသာဖြင့် ထိုးသတ်နိုင်သော်လည်း ကစားသမားနှစ်ဦး ကြမ်းပြင်ပေါ်လဲကျခြင်း၊ မျက်နှာတွင် ထိခိုက်ဒဏ်ရာရခြင်းမရှိသဖြင့် ပရိသတ်များက လှောင်ပြောင်ခဲ့ကြသည်။

အသက် ၄၇ နှစ်ရှိပြီဖြစ်သူ မေဝယ်သာသည် ၂၀၁၇ ခုနှစ်တွင် UFC ကစားသမား ကော်နာမက်ဂရီဂေါ်နှင့် ထိုးသတ်ပြီးနောက်ပိုင်း ပရော်ဖက်ရှင်ပွဲစဉ်များ ထိုးသတ်ခြင်းမရှိတော့ဘဲ အနားယူခဲ့ပြီး သရုပ်ပြပွဲများသာ ထိုးသတ်လျက်ရှိသည်။

ယခုပွဲစဉ်မှာ ၎င်းအတွက် ရှစ်ပွဲမြောက်သရုပ်ပြပွဲဖြစ်ပြီး သုံးပွဲ အနိုင်ရထားသည်။ လေးပွဲမှာ အနိုင်အရှုံး သတ်မှတ်ခြင်းမရှိဘဲ ဂေါ့တီနှင့် ပထမပွဲမှာမူ ပွဲမပြီးဆုံးဘဲ ရပ်ဆိုင်းခဲ့ရသည်။

ပွဲအပြီးတွင် အသက် ၆၂ နှစ်ရှိပြီဖြစ်သူ မက္ကဆီကိုလက်ဝှေ့သမားဟောင်း ဂျူလီယို ဆီဆာချားဗက်ဇ်စီနီယာနှင့် ထိုးသတ်ဖြစ်ဖွယ်ရှိမရှိ မေးမြန်းမှုအပေါ် မေဝယ်သာက "သူက ဂန္ထဝင်တစ်ဦးပါ။ ကျွန်တော်က သူ့ကိုအားကျခဲ့ရပြီး ကျွန်တော့်အတွက် လမ်းခင်းပေးခဲ့သူ ဖြစ်ပါတယ်။ သူက အခုအသက်ကြီးနေပါပြီ။ သူနဲ့ သရုပ်ပြပွဲလုပ်ရင် ကျွန်တော့်အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ သရုပ်ပြပွဲသုံးပွဲအတွက် သဘောတူညီမှုယူဖို့ ဖုန်းခေါ်ဆိုမှုတစ်ခု ကျွန်တော်တို့ရခဲ့ပါတယ်။ ဒါက ဘယ်လောက်တောင် ရူးချင်စရာကောင်းတဲ့ ကိန်းဂဏန်းလဲ။ ကျွန်တော်တို့ မသိသေးပါဘူး" ဟု ဖြေကြားသည်။

မေဝယ်သာနှင့်ထိုးသတ်ခဲ့သည့် ဂေါ့တီမှာ ပရိုလက်ဝှေ့ပွဲစဉ်နှစ်ပွဲ ထိုးသတ်ဖူးပြီး ၂၀၂၂ ခုနှစ်တွင် အမှတ်၊ ၂၀၂၃ ခုနှစ်တွင် အလဲထိုးနိုင်ပွဲ ရရှိထားသည်။ ထို့ပြင် ၎င်းမှာ နယူးယောက်စီးတီးရှိ လူဆိုးဂိုဏ်းခေါင်း ဆောင်ဟောင်း ဂျွန်ဂေါ့တီ၏ မြေးတော်စပ်သူ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent