စက်သုံးဆီတန်းစီသည့် မော်တော်ယာဉ်များ ယခင်နေ့များထက် ပိုမိုများပြားလာ

စက်သုံးဆီတန်းစီသည့် မော်တော်ယာဉ်များ ယခင်နေ့များထက် ပိုမိုများပြားလာ
Published 14 August 2024

စက်သုံးဆီတန်းစီသည့် မော်တော်ယာဉ်များ ယခင်နေ့များထက် ပိုမိုများပြားလာပြီး ဆီတန်းစီစဉ် အငြင်းပွားမှုများ ဖြစ်ပွားလာကြောင်း ရန်ကုန်မြို့တွင်း နေထိုင်သူများထံမှ သိရသည်။

သြဂုတ် ၁၂ ရက် ညနေပိုင်းမှစတင်ပြီး စက်သုံးဆီရောင်းချသည့် ဆီဆိုင်အချို့တွင် မော်တော်ယာဉ်များ တန်းစီဝယ်ယူနေရပြီး ဆီဆိုင်အများစုက သတ်မှတ်ချက်ဖြင့်သာ ရောင်းချပေ‌းနေသည်ဟု သိရသည်။

“ဆီတန်းစီတဲ့ယာဉ်က အရင်နေ့တွေ ထက်ပိုများလာတယ်။ တန်းစီတဲ့ကားက ဘယ်လောက်များသလဲဆို တချို့ဆိုင်တွေမှာ နောက်ဆုံးကားက ဆီဆိုင်ရှေ့ကို ပြန်ရောက်လာတာတွေရှိတယ်။ ကမ္ဘာအေးဘုရားလမ်းပေါ်က ဆီဆိုင်ကို တန်းစီတဲ့ကားက ပြည်လမ်းအထိ ရောက်တယ်။ တခြားနေရာတွေမှာဆိုရင်လည်း ရပ်ကွက်တစ်ခုလုံးကို ပတ်သလိုဖြစ်သွားတဲ့ အခြေအနေထိရောက်တယ်” ဟု ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဆီဆိုင်အများစုမှာ မော်တော်ယာဉ်တစ်စီးလျှင် အများဆုံး ကျပ်ငါးသောင်းဖိုးသာ ရောင်းချပေးနေသည်ဟု သိရသည်။

“တဆိုင်နဲ့ တဆိုင်တော့မတူဘူး။ ဆိုင်တချို့က ငါးသောင်းဖိုးပေးတယ်။ တချို့က သုံးသောင်းဖိုးပေးတယ်။ သုံးသောင်းဖိုးလောက်ပဲရတဲ့ဆိုင်က များပါတယ်” ဟု မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် စက်သုံးဆီတန်းစီနေသည့် မော်တော်ယာဉ်အချို့ အငြင်းပွားပြီး စကားများ ရန်ဖြစ်မှုများလည်းရှိနေသည်ဟု သိရသည်။

“အကြီးအကျယ်ဖြစ်တာတော့ မကြားမိသေးဘူး။ မနေ့က သာကေတဘက်က ဆိုင်တစ်ဆိုင်မှာတော့ တန်းစီရင်းနဲ့ စကားများကြတာရှိတယ်။ အကြီးအကျယ်ရန်ဖြစ်တာတော့ မဟုတ်ဘူး။ တစ်ယောက်တစ်ခွန်း စကားများကြတဲ့သဘောပေါ့” ဟု ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံးမြို့နယ်များတွင် ပြေးဆွဲလျက်ရှိသည့် ဘေးတွဲဆိုင်ကယ်များကိုလည်း တစ်စီးလျှင် စက်သုံးဆီ ကျပ်ငါးထောင်ဖိုးသာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“ဆိုင်ကယ်တိုင်ကီအပြည့်ဆို ဒီခေတ်စျေးနဲ့ တစ်သောင်းဖိုးလောက်ဆိုပြည့်ပြီ။ ဒါပေမဲ့ အပြည့်မရောင်းပေးဘူး။ ငါးထောင်ဖိုးပဲဝယ်လို့ရတယ်။ ဒါတောင် ကားတွေကို ဦးစားပေးရောင်းပြီးမှ ဝယ်လို့ရတယ်” ဟု သာကေတမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်ပြေးဆွဲသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းပြီး ဆီဝယ်ယူရခြင်း၊ ဆီဆိုင်အများစုတွင် စက်သုံးဆီအချို့ ရောင်းချစရာမရှိခြင်းများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာက သြဂုတ် ၁၄ ရက် မွန်းလွဲပိုင်းအထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

သြဂုတ်လဆန်းပိုင်းက ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီပြတ်လတ်မှုများ ဖြစ်ပွားခဲ့ရာ မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင်ကားများ ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန်အချိန်ထက် ပိုမိုကြန့်ကြာခဲ့ကြောင်း၊ ယင်းကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီစက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယာယီစက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ်ပိုမိုမြင့်တက်လာခြင်းကြောင့် ယနေ့ဖြစ်ပျက်နေသည့် အခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့လာသူအများစုသည် မြို့ကြီးများ‌သို့ ရောက်ရှိလာသည့်အတွက် စက်သုံးဆီလိုအပ်ချက်လည်း မြို့ကြီးများတွင် ပိုမိုခဲ့ကြောင်း အဆိုပါအသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent