ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာ Thai Fight ပြိုင်ပွဲတွင် အာဂျင်တီးနားနိုင်ငံသူ မွေထိုင်းဖိုက်တာ ဖလိုရန်စီယာကို အမှတ်ဖြင့် အနိုင်ရ

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာ Thai Fight ပြိုင်ပွဲတွင် အာဂျင်တီးနားနိုင်ငံသူ မွေထိုင်းဖိုက်တာ ဖလိုရန်စီယာကို အမှတ်ဖြင့် အနိုင်ရ
Photo: Thai Fight
Photo: Thai Fight
Published 5 August 2024

ကယန်းတိုင်းရင်းသူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာသည် Thai Fight မွေထိုင်းပြိုင်ပွဲတွင် အာဂျင်တီးနားနိုင်ငံသူ မွေထိုင်းဖိုက်တာ မာရီယာဖလိုရန်စီယာဂရီကိုကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။

ဗီရိုနီကာနှင့် အာဂျင်တီးနားနိုင်ငံသူ မွေထိုင်းဖိုက်တာ ဖလိုရန်စီယာသည် သြဂုတ် ၄ ရက်ကထိုင်းနိုင်ငံ၊ နာခွန်ဆီမြို့ရှိ စင်ထရယ်ပလာဇာတွင် ကျင်းပသည့် Thai Fight မွေထိုင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့တွင်ကျင်းပသည့်  Thai Fight မွေထိုင်းပြိုင်ပွဲတွင် တွဲဆိုင်း (၉)ပွဲပါဝင်ပြီး အမျိုးသမီးပွဲစဉ်တစ်ပွဲသာ ပါဝင်ခဲ့ကာ  ဗီရိုနီကာနှင့် အာဂျင်တီးနားနိုင်ငံသူ မွေထိုင်းဖိုက်တာ ဖလိုရန်စီယာသည် ပထမဆုံးပွဲအjဖစ် (၅၄)ကီလိုတန်း၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

ဗီရိုနီကာသည် ပထမအချီစကတည်းက တိုက်စစ်ဖွင့်ထိုးသတ်ခဲ့ပြီး သူမ၏ ဘယ်ထောက်လက်သီး၊ ဘယ်ညာတွဲလုံး၊  နင်းခြေကန်ချက်၊ အနီးကပ်တံတောင်ရိုက်ချက်နှင့် တံတောင်လှည့်ရိုက်ချက်များက အာဂျင်တီးနားနိုင်ငံသူ မွေထိုင်းဖိုက်တာ ဖလိုရန်စီယာကို အထိနာစေခဲ့သည်။

ပထမအချီတွင် ဗီရိုနီကာ၏ ထိုးချက်များကြောင့် ဖလိုရန်စီယာမှာ ဘယ်မျက်ခမ်းစပ် ကွဲသွားခဲ့ရသည်။

ဒုတိယအချီတွင် နှစ်ဦးစလုံး ဖွင့်ထိုးလာခဲ့သောကြောင့် ပွဲမှာ မြိုင်ဆိုင်ခဲ့ပြီး အကြိတ်အနယ်ရှိခဲ့သည်။

ယင်းဒုတိယအချီတွင် ဖလိုရန်စီယာ၏ ညာခြေအမြင့်ကန်ချက်ကြောင့် ဗီရိုနီကာမှာ ကြမ်းပြင်သို့ လက်ထောက်ကျသည်အထိ ပြုတ်ကျခဲ့ရသည်။

တတိယအချီတွင် ဗီရိုနီကာမှာ အနိုင်ရလိုစိတ်ပြင်းထန်ခဲ့ပြီး အတင်းဝင်ကာ ခပ်ကြမ်းကြမ်း ထိုးသတ်လာခဲ့သည်။

ဗီရိုနီကာ၏ ဘယ်ညာတွဲလုံးများ၊ ကပ်တံတောင်ရိုက်ချက်များ၊ Bodyshot များက ဖလိုရန်စီယာကို အထိနာစေခဲ့သော်လည်း မာဂုဏ်ကောင်းလွန်းခဲ့ပြီး တန်ပြန်ထိုးသတ်နိုင်ခဲ့သည်။

ပွဲအပြီးတွင် ဒိုင်များ၏ အဆုံးအဖြတ်ခံယူရာ ဗီရိုနီကာက အမှတ်ဖြင့် အနိုင်ရှိခဲ့သည်။

ဗီရိုနီကာနှင့် ထိုးသတ်ခဲ့သည့် အာဂျင်တီးနားနိုင်ငံသူ မွေထိုင်းဖိုက်တာ ဖလိုရန်စီယာသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီအတွင်း World Kickboxing Network(WKN) က ကျင်းပသည့် တောင်အမေရိက အမျိုးသမီးဖလိုင်းဝိတ်ချန်ပီယံ ခါးပတ်စိန်ခေါ်ပွဲတွင် ပြိုင်ဘက်ချီလီဖိုက်တာကို အမှတ်ဖြင့်အနိုင်ရပြီး တောင်အမေရိကချန်ပီယံဖြစ်ထားသည်။

အာဂျင်တီးနားနိုင်ငံသူ ဖလိုရန်စီယာသည် အသက် ၃၀ ရှိပြီဖြစ်ပြီး အရပ် ၅ ပေ ၆ လက်မရှိသူဖြစ်ကာ ၃၃ ပွဲထိုးသတ်ထားရာ ၂၄ ပွဲနိုင်၊ ၉ ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဗရိုနီကာသည် ယခုပွဲမတိုင်မီ  ပြီးခဲ့သည့်ဖေဖော်ဝါရီအတွင်းက ထိုင်းနိုင်ငံသူ မွေထိုင်းကစားသမား ဖာရှ်ဆိုင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့်ရှုံးနိမ့်ထားကြောင်း သိရသည်။

ဗရိုနီကာသည်  Thai Fight က ကျင်းပသည့် မွေထိုင်းပွဲ ၂၀ ပွဲထိုးသတ်ထားရာ ၁၈ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားပြီး ၉ ပွဲကို အလဲထိုးဖြင့် အနိုင်ရထားသည်။

Most Read

Most Recent